သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အရေးယူဖို့ တပ်မတော်တိုင်ကြား


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

တပ်မတော်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မှတ်ချက်ပေး ပြောဆိုခဲ့တဲ့ အပေါ် အရေးယူပေးဖို့ တပ်မတော်က အစိုးရကို တိုင်ကြားလိုက်တာဟာ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးု ပိုဝေးသွားအောင် လုပ်သလိုဖြစ်နေပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကိုပါ ထိခိုက်စေမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး ရှေ့နေတွေနဲ့ ဝါရင့် သတင်းသမားတွေက သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရားထူးတာဝန်အဆင့်၊ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၉ ရက် တနင်္ဂနွေနေ့ ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် အလုပ်အကိုင် ဖန်တီးပေးရေး အလုပ်ရုံဆွေးနွေးပွဲ (Civil Society and Media Project, Former Political Prisoners Fellowship 2017 Introduction and Orientation Workshop) မှာ ခုလိုပြောသွားတာပါ။

“ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ အရပ်သား အုပ်ချုပ်ရေး တက်လာပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိပါဘူး။ အရပ်သား အုပ်ချုပ်ရေး စနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာပါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှုး Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ Relations ဆက်ဆံနေတဲ့ ဥစ္စာက နိုင်ငံအကြီးအကဲ Level တခုထဲကို ထပ်ဆက်ဆံ ပြီးတော့ ဒါဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေတဲ့ ကာလတခုအတွင်းမှာ ကျနော်တို့ရဲ့ဒီမိုကရေစီ လိုလားမှုတွေ အားလုံးကြားမှာ တူညီတဲ့ ဆောင်ရွက်မှုတွေ တူညီတဲ့ ခြေလှမ်းတွေရှိနိုင်ဖို့ ကျနော်တို့ လိုအပ်မယ်လို့ ကျနော့် အနေနဲ့ ယူဆပါတယ်။ ”

အမေရိကန် အကူအညီပေးရေး USAID နဲ့ ပူးပေါင်းကျင်းပတဲ့ အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ်ကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်နဲ့ ပုံနှိပ်မီဒီယာတွေမှာ ပျံ့နှံ့နေတာ တွေ့ရကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရက လိုအပ်သလို စိစစ် အရေးယူပေးနိုင်ရန် တပ်မတော်က တင်ပြထားကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် (၁၁) ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ပြောဆိုမှုတွေပေါ် အစိုးရကို တိုင်းကြားတဲ့ အထိ တပ်မတော်ဘက်က တုန့်ပြန်တာဟာ NLD အရပ်သား အစိုးရပေါ် ဖိအား ပေးခြင်းသာ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ဥက္ကဌ ဦးမောင်မောင်မြင့်က မြင်ပါတယ်။

“ တကယ်တမ်း ပြောရရင်တော့ ဒီ မြန်မာပြည်မှာ အရပ်သားအုပ်ချုပ်ရေး ပေါ်နေပြီ ဆိုပေမယ်လို့ ခွန်အားက သိပ်မရှိဘူးလေ။ ဒီအခြေခံဥပဒေ ကိုယ်၌က သတ်မှတ်ထားတာကိုးဗျ။ နောက်ပြီးတော့ လက်တွေ့မှာကတော့ အရပ်သား အစိုးရက ရှိတဲ့ အာဏာက တပိုင်း ဒီကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒီစစ်တပ်ပေါ့ဗျာ၊ သူတို့ရှိတဲ့ အာဏာက တပိုင်းဆိုပြီးတော့ ၂ ပိုင်းကွဲနေတာကိုး။ ဒီကာကွယ်ရေးဦးစီးချုပ်ဟာ အခြေခံဥပဒေ အရ အတိအကျ မပြောထားပေမယ်လို့ သူက နိုင်ငံတော်ရဲ့ထိပ်တန်း ကိုယ်စားလှယ် သဘောမျိုး၊ နိုင်ငံအကြီးအကဲ သဘောမျိုး ဖြစ်နေတာကိုး၊ ဆိုတော့ အဲဒီလို အနေအထားမျိုးမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောတဲ့စကားကို သူ့အနေနဲ့ မခံနိုင်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် အစိုးရကို တိုင်တယ်ဆိုတာဟာ၊ ကျနော့အမြင်အရတော့ အစိုးရကိုဖိအားပေးတာ အရပ်သားအစိုးရအနေနဲ့ ဒီအရပ်သား ဝန်ကြီးချုပ်ကို သတိပေးပါ၊အရေးယူပါ ဆိုတဲ့ သဘောမျိုး သူပြော တာလို့ ကျနော်မြင်တယ်လေ။ ”

NLD ပါတီ တာဝန်ရှိသူတွေရဲ့ပြောဆိုသုံးနှုန်းမှုတွေပေါ် တပ်မတော်ဘက်က အကဲဆတ် နေမယ်ဆိုရင် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးု ပိုဝေး သွားစေလိမ့်မယ်လို့ ဟောကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“ စစ်အစိုးရက တချိန်လုံး သူတို့ကချည်းပဲ ကြီးစိုးလာတာကိုး။ အခုအရပ်သားအစိုးရ လက်ထက် ရောက်လာတဲ့ အခါကြတော့ကာ ညွှန်ကြားရေးမှုးချုပ် အဆင့်လောက်ပဲ ဖေါ်ပြခံရတယ် ဆိုတဲ့ အပေါ်မှာ သူတို့အနေနဲ့ ဒါ အမျက်ထွက်ကောင်း ထွက်နိုင်စရာရှိပါတယ်။ အသုံးအနှုန်း ဝေါဟာရနဲ့ ပတ်သက်ပြီးတော့ကာ ဆတ်ဆတ်ထိမခံ ဖြစ်လာရတဲ့ ကိစ္စကလည်း အရပ်ဘက်နဲ့ စစ်ဘက် ပိုပြီးတော့ ဝေးသွားစေတယ် ဆိုတဲ့အချက်ကို ပိုပြီးတော့ ပြလိုက်သလို ဖြစ်တယ်လို့ပဲ ကျနော်ကမြင်ပါတယ်။ ”

NLD ပါတီ ဝန်ကြီးချုပ်တဦးရဲ့ ပြောဆိုမှုအပေါ် တပ်မတော်ရဲ့အခုလို တုန့်ပြန်ပုံတွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ဦးမောင်မောင်မြင့်က ထောက်ပြပါတယ်။

“ ဆိုတော့ ဒီမိုကရေစီ စစ်စစ်နိုင်ငံတွေမှာ ကြည့်မယ်ဆိုလို့ရှိရင် ယေဘုယျ ရာထူးအဆင့်တွေကို ကြည့်မယ် ဆိုလို့ရှိရင်ပေါ့ဗျာ ဝန်ကြီးရှိမယ်၊ဒုဝန်ကြီးရှိမယ်၊ ဒုဝန်ကြီးအောက်ကရှိတဲ့ ရာထူးတွေဟာ ညွှန်ကြားရေးမှုးချုပ် ရာထူးတွေလို့ ပြောလို့ရတယ်။ ဟုတ်တယ်မဟုတ်လား။ သူတို့က အရပ်ဘက် အုပ်ချုပ်ရေးကို ဦးစီးပြီး လုပ်နေတဲ့ ညွှန်ကြားရေးမှုးချုပ်။ စစ်တပ်မှာလည်း ဒီအတိုင်းပဲ သဘောတရားအားဖြင့် ပြောမယ်ဆိုလို့ရှိရင်။ သို့သော် လက်ရှိ အခြေခံဥပဒေကို ကြည့်မယ် ဆိုလို့ရှိရင်တောင်မှ ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတ အပေါ်မှာ ရှိမနေဘူး။

ဆိုတော့ လောလောဆယ် အခြေအနေအရကိုက ဦးဖြိုးမင်းသိန်း ပြောတာသိပ်မဝေးဘူး။ ဒီမိုကရေစီစစ်စစ် နိုင်ငံတွေမှာ အရပ်သား အစိုးရရဲ့အမိန့်နာခံမှု အောက်မှာ သူတို့ရှိရတယ်။ ဆိုတော့ အဲဒီသဘောမျိုး ကျနော်တို့က ရည်ရွယ်ပြီးတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ လက်ခံထား တာကိုးဗျ။ ဆိုတော့ အဲလိုမှ မဟုတ်ဘဲနဲ့ စစ်တပ်က အခုလိုမျိုး ဒီဆတ်ဆတ်ထိမခံတဲ့ ပုံစံမျိုး ရှိလာမယ် ဆိုလို့ရှိရင် လူထုရဲ့မျှော်လင့်ချက်ကလည်း ပျက်လာလိမ့်မယ်။ ဒီအရပ်သား အစိုးရနဲ့ စစ်တပ်နဲ့ သဘောတူထားတဲ့ အချက်တွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ထိပါး လာလိမ့်မယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုလည်း အများကြီး ထိခိုက်တာပေါ့ဗျာ။ ”

ပြီးခဲ့တဲ့ မေလတုန်းကလည်း NLD ပါတီပြောခွင့်ရ ဦးဝင်းထိန်က NLD ပါတီနဲ့ ဆိုင်တဲ့ သတင်းမှားတွေ ဖြန့်နေသူတွေထဲမှာ “အချို့ တပ်မတော် အဖွဲ့အစည်းတွေပဲ လုပ်နေသလား” ဆိုပြီး မှတ်ချက်ပေး ပြောဆိုခဲ့တဲ့ကိစ္စဟာ နိုင်ငံစည်းလုံး ညီညွတ်မှု ထိခိုက်စေသလို၊ တပ်မတော်ပေါ် ပုတ်ခတ် ပြောဆိုခဲ့တဲ့ အတွက် ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG