သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YBS ယာဉ်လိုင်းစနစ် ရန်ကုန်တိုင်းအမတ်တွေ ဝေဖန်


YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကတွေ့ရသည့် ဘတ်စ်ကားတစင်း။ ဇန်နဝါရီ ၁၆၊ ၂၀၁၇။
YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကတွေ့ရသည့် ဘတ်စ်ကားတစင်း။ ဇန်နဝါရီ ၁၆၊ ၂၀၁၇။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်(YBS)အပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်မှု လျော့နည်းနေပြီး YBS နဲ့ ပတ် သက်လို့ ရန်ကုန်တိုင်း အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတယ်လို့ ဒီကနေ့(တနင်္ဂလာနေ့)မှာ ကျင်းပတဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်အများ အပြားက ဝေဖန်လိုက်ပါ တယ်။ အခုလို YBS နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော်မှာ ဆွေးနွေးတဲ့နေ့မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော် မတက်ရောက်နိုင်တဲ့ အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်း ထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မထသစနစ်ကို ဖျက်သိမ်းပြီး အများပြည် သူ သယ်ယူပို့ဆောင်ရေးစနစ် (YBS) ကို အစားထိုး ပြောင်းလဲခဲ့တာဟာ ပြည်သူအတွက် အကျိုးရှိတဲ့ အပြောင်းအလဲမျိုး မဟုတ်သေးဘဘူးလို့ ဧပြီလ ၂၄ရက်နေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်လိုက်ပါတယ်။

စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေနဲ့အတူ YBS စနစ်အပေါ် ပြည်သူတွေ ယုံကြည်မှု နည်းနေပြီလို့ ဒဂုံမြို့နယ် အ မှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်အစည်းအဝေးမှာ အခုလို ဆွေးနွေးသွားပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အစိုးရကောင်း ၁ ရပ်ဟာ ပွင့်လင်းမြင်သာပြီးတော့ မိမိရဲ့ တာဝန်ရှိတာဝန်သိမှုတွေကို ဒါလုံး၀ တာဝန်ယူရမယ်ဆိုပြီးပြောထားတာ ရှိပါတယ်။ ကျနော်တို့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို ကောင်းမွန်းတဲ့အစိုးရပဲ ဖြစ်ချင်တာပေါ့ခင်ဗျ။ အခုကျနော်နောက်ဆုံးတင်ပြချင်တာကတော့ အခုပြောနေကြတာပေါ့နော် YBS ပေါ့နော် ၊ အခုလက်ရှိကတော့ ပြည်သူ့အတွက် YBS မဟုတ်ဘူး၊ ပြည်သူစိတ်ပျက် YBS ဖြစ်နေကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။”

အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ရဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက် တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်တွေကို အများ ပြည်သူ သိရှိနိုင်ရေး ပွင့်လင်း မြင်သာစွာ ချပြနိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ထောက်ခံဆွေးနွေးခဲ့ကြတာပါ။

ရန်ကုန်တိုင်းအစိုးရဘက်ကတော့ ဧပြီ ၂၇ရက်နေ့ကျမှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက် တွေအပေါ် ပြန်လည် ဖြေရှင်းတာမျိုးလုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

YBS နဲ့ ပတ်သက်လို့ အားသာချက်ဆိုတာကို ပြည်သူတွေအနေနဲ့ ထောက်ပြစရာ မရှိသလောက် ဖြစ် နေပြီး YBS စနစ် စတင် အကောင်အထည်ဖော် ကတည်းက နည်းလမ်း မမှန်ဘူးလို့ ကျောက်တံတား မြို့နယ် မဲဆန္ဒနယ် အမတ် ၁ လွှတ်တော်အမတ် ဒေါ်ကြည်ပြာက ပြောပါတယ်။

“အခြေခံပြည်သူနဲ့ တိုက်ရိုက်တိုက်ဆိုင်တဲ့ စနစ်တခုပြောင်းတယ်ဆိုတာက မပြောင်းခင်လည်း အချိန်ယူဖို့လိုပါတယ်၊ ပြောင်းပြီးတော့လည်း လေ့လာသုံးသပ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ Step by step ကို သွားရမှာပါ။ အခုဝန်ကြီးချုပ်ကြီးက ပထမ ၃ လ ပတ်ကို ပထမအဆင့်လို့ ပြောပါတယ်။ ၃ လဆိုတာ စကားအရ အရမ်းတိုတောင်းတယ်ထင်ပေမယ့် နေ့စဉ်ခရီးသွားပြည်သူတွေအတွက် ၃ လဟာတော်တော်ကို ကြာမြင့်ပါတယ်။ ဒါကြောင့် ချက်ချင်းကြီးအဆင်မပြေနိုင်ဘူးဆိုတာ နားမလည်တာတော့မဟုတ်ပါဘူး။ သို့ပေမယ့် ကျမတို့ဟာ တဆင့်ချင်း တဆင့်ချင်း ကြိုးစားပြီးပြေလည်အောင်လုပ်သွားရမှာပါ။ အခုတော့ မထသ စာလုံး အပေါ်ကို YBS တွေက ပြောင်းလိုက်ရုံပဲ ဒါမျိုးပဲ ဖြစ်နေတယ်ဆိုရင်တော့ နေ့စဉ်ခရီးသွားပြည်သူတွေက တဆင့်ကနေ ၂ ဆင့်ပြောင်းရတယ်၊ ပိုပြီးပိုက်ဆံကုန်သွားတယ်။ ဒါကလွဲလို့ ဘာမှ ထူးခြားမှုမရှိတဲ့ အပြောင်းအလဲကြီးဖြစ်နေပါတယ်။ ကောင်းစေချင်လို့ပြောင်းကြတာမဟုတ်ဘူး လက်တွေ့ကောင်းတာလေးလည်း ပါဦးမှ ၊ မကောင်းတာတွေကို ကောင်းတာလေးနဲ့ ဖြည့်တွေးလို့ရမှာ ဖြစ်ပါတယ်။ အခုတော့ အခြေအနေအရပ်ရပ်က အဆိုရင် ဦးဝေဖြိုးဟန် ထည့်သွင်းဆွေးနွေးထားတဲ့အတိုင်း ပြေလည်တယ်ဆိုတာ မရှိသလောက်ပါ။ စေတနာမှန်ပေမယ့် နည်းလမ်းမှားနေတယ်လို့ ထင်ပါတယ်။”

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် (YBS) ပိုပြီး ကောင်းမွန်ဖို့ လွှတ်တော်မှာ ဆွေးနွေးတဲ့နေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခြားတာဝန်ရှိတဲ့ အ တွက် လွှတ်တော်မတက်ရောက်နိုင်ကြောင်း ခွင့်တိုင်ခဲ့တာပါ။

ဇန်နဝါရီ ၁၆ရက်နေ့မှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ YBS စနစ်ဟာ သုံးလအတွင်း ထူးခြား တဲ့ပြောင်းလဲမှု မရှိဘဲ စည်းကမ်းချိုးဖောက်မှုတွေ၊ ဝန်ဆောင်မှု ညံ့ဖျင်းမှုတွေ၊ ကားအစီးရေ နည်းပြီး ကျပ်ကျပ်တည်းတည်း စီးနင်းရတာတွေ ရှိနေဆဲဖြစ်တယ်လို့ ပြည်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ YBS ကို သုံးလတကြိမ် အဆင့်မြင့်တင်မှု လုပ်ပြီး အများပြည်သူပိုင်တဲ့ သယ်ယူပို့ဆောင်ရေး စနစ် စစ်စစ်ဖြစ်အောင်လုပ်မယ်လို့ ကြွေးကြော်ထား ခဲ့ထားတာပါ။ ဒါပေမယ့်လည်း အခု သုံးလကျော်တဲ့အထိ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ဘတ်စ်ကားသစ် အထားထိုးတာတွေ၊ ဘတ်စ်ကား တွေကို GPS စနစ်နဲ့ ထိန်းချုပ်ရေးစင်တာက စောင့်ကြည့်တာ၊ ကတ် စနစ်နဲ့ ငွေပေးချေးတာမျိုးတွေကို အကောင်အထည်ဖော်တာ မတွေ့ရသေးပါဘူး။

ဘတ်စ်ကားအသစ် စင်းရေ တထောင်လောက်ကို တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ဆိုတဲ့သတင်းတွေ ထွက်ထားပေမဲ့လဲ တိုင်းအစိုးရအဖွဲ့ဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေး ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG