သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားစွက်ဖက်မှုစုံစမ်းရေး တန်ပြန်နိုင်ဖို့ သမ္မတ Trump လက်ထောက်တွေ ရှာဖွေ


 သမ္မတရဲ့ ကိုယ်ပိုင်ရှေ့နေ Jay Sekulow
သမ္မတရဲ့ ကိုယ်ပိုင်ရှေ့နေ Jay Sekulow

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုကို စုံစမ်းနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller နဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေကို တန်ပြန်နိုင်မယ့် နည်းလမ်းတွေကို သမ္မတ Donald Trump ရဲ့ လက်ထောက်တွေက ရှာဖွေနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ သမ္မတရဲ့ ကိုယ်ပိုင်ရှေ့နေ Jay Sekulow ကတော့ ဥပဒေအကျိုးဆောင် အဖွဲ့အနေနဲ့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေ အနေနဲ့ အကျိုးစီးပွားအရ ပဋိပက္ခဖြစ်နေတာတွေ ရှိမရှိ အစဉ်တစိုက် လေ့လာသုံးသပ်ပြီး ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်သလို၊ လိုအပ်ရင် အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller ထံ တိုင်ကြားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

Washington Post သတင်းစာကတော့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်နွယ်နေတဲ့ လက်ထောက်တွေ၊ မိသားစုဝင်တွေနဲ့ သူကိုယ်တိုင်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ သမ္မတက အကြံပေးအရာရှိတွေကို ညွှန်ကြားထားကြောင်း ဖော်ပြခဲ့ပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ အာဏာနဲ့ ပတ်သက်လို့ သမ္မတ Trump ရဲ့ ရှေ့နေတွေ ဆွေးနွေးနေကြောင်းလည်း နီးစပ်သူတွေကို ကိုးကားရေးသားခဲ့တာပါ။

New York Times သတင်းစာကလည်း အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေရဲ့ အလုပ်အကိုင်နဲ့ နိုင်ငံရေး နောက်ကြောင်း ရာဇဝင်တွေကို စုံစမ်းပြီး၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းကို သိက္ခာချဖို့၊ ဒါမှမဟုတ်ရင်လည်း အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller ကို ချေပနိုင်မယ့် အချက်အလက်တွေ ရရှိနိုင်ဖို့ သမ္မတရဲ့ လက်ထောက်တွေက ကြိုးပမ်းနေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ထင်ရှားတဲ့ အစိုးရရှေ့နေတွေ၊ စုံစမ်းရေးအရာရှိတွေ ပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ အဖွဲ့ကတော့ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ သမ္မတရဲ့ လက်ထောက်တွေဟာ ရုရှားနဲ့ ပတ်သက်မှု ရှိမရှိ စုံစမ်းနေကြတာပါ။

သမ္မတ Trump ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြပေမဲ့၊ အကြံပေးပုဂ္ဂိုလ်တယောက်ကတော့ သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာအတိုင်းအတာနဲ့ ပတ်သက်လို့ သိလိုတဲ့ ဆန္ဒရှိနေသလို၊ အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller ရဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာကိုလည်း သိချင်နေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG