သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိသားစုဘဏ္ဍာငွေကြေးစုံစမ်းတာမျိုး သမ္မတ Trump လက်ခံနိုင်မည်မဟုတ်


သမ္မတ Donald Trump
သမ္မတ Donald Trump

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ သူ့ရဲ့ မဲဆွယ်ပွဲ တာဝန်ရှိသူတွေကြား ဆက်နွယ်မှု ရှိမရှိ အထူးစုံစမ်းစစ်ဆေးမှုတွေမှာ သူ့မိသားစုရဲ့ ဘဏ္ဍာရေးကိစ္စတွေလို မဆိုင်တာတွေကိုပါ စစ်ဆေးလာမယ်ဆိုရင်တော့ ဒါဟာ ဘောင်ကျော်တဲ့ လုပ်ရပ်အဖြစ် လက်ခံနိုင်မှာ မဟုတ်ကြောင်း သမ္မတ Donald Trump က New York Times သတင်းစာကို ပြောဆိုလိုက်ပါတယ်။

မေးမြန်းခန်းအတွင်း ဖြေကြားချက်တွေကို မနေ့နှောင်းပိုင်းက စာသားနဲ့ ထုတ်ပြန်ရာမှာတော့ ရုရှားနိုင်ငံက ဝင်ငွေ တစုံတရာရနေတာ မရှိတဲ့ အကြောင်းနဲ့ စီးပွားဖက်စပ် လုပ်ကိုင်နေတာမျိုးလည်း မရှိကြောင်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။ ကိစ္စရပ်ပေါင်းများစွာ ပါဝင်တဲ့ မေးမြန်းခန်းအတွင်း ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေမှာ ဘေးထွက်နေဖို့ ရှေ့နေချုပ် Jeff Sessions ဆုံးဖြတ်ခဲ့တဲ့အပေါ် မနှစ်မြို့တဲ့ သဘောထားကိုလည်း ပြောဆိုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကနေ ထွက်ပေးဖို့ မသင့်သလို၊ ဒီလိုလုပ်မယ် ဆိုရင်လည်း အစကတည်းက ဒီတာဝန်ကို မယူသင့်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

မေးမြန်းခန်းအတွင်းမှာပဲ၊ မေလထဲမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွန်ကြားရေးမှူးဟောင်း James Comey ဟာ အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေ ပါဝင်တဲ့ လျို့ဝှက်ဖိုင်တခုကို ပြသခဲ့ပြီး၊ သူနဲ့အားပြိုင်ဖို့ ကြိုးစားခဲ့တဲ့ သဘောမျိုးလည်း သမ္မတ Trump ပြောဆိုခဲ့ပါတယ်။ FBI အကြီးအကဲဟောင်းရဲ့ ဇွန်လထဲ အထက်လွှတ်တော်ရှေ့မှောက် ထွက်ဆိုချက်မှာတော့၊ လျို့ဝှက်ဖိုင်နဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေက ဖော်ပြကြဖို့ ရှိနေတဲ့အတွက် ထောက်လှမ်းရေး အသိုင်းအဝန်းအနေနဲ့ ရွေးကောက်ခံသမ္မတဖြစ်သူကို အသိမပေးပဲ ထိန်ချန်မထားသင့်ဘူးလို့ ယူဆတဲ့အတွက် ပြသခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရှေ့နေချုပ် Sessions ရုရှားအရေး စုံစမ်းမှုတွေကနေ ဘေးထွက်ပေးခဲ့ပြီးနောက် သူ့အစားတာဝန်ယူခဲ့တဲ့ ဒုတိယရှေ့နေချုပ် Rod Rosenstein ကတော့ ရုရှားအရေး အထူးစုံစမ်းရေးမှူးအဖြစ် FBI ညွှန်ကြားရေးမှူးဟောင်း Robert Mueller ကို ခန့်အပ်ခဲ့တာပါ။ သမ္မတ Trump ကတော့ သူ့အနေနဲ့ ရုရှားနဲ့ ဆက်နွယ်မှုမရှိသလို၊ တစုံတရာ အမှားအယွင်းလုပ်မိတာ မရှိတဲ့အတွက် အထူးစုံစမ်းစစ်ဆေးရေးမှူး ခန့်အပ်ဖို့ မသင့်ဘူးလို့လည်း New York Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG