သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတထရမ့် ပြင်သစ် Bastille နေ့ အခမ်းအနား တက်ရောက်


ကန်သမ္မတထရမ့် ပြင်သစ် Bastille နေ့ အခမ်းအနား တက်ရောက် (ဇူလိုင် ၁၄-၂၀၁၇)
ကန်သမ္မတထရမ့် ပြင်သစ် Bastille နေ့ အခမ်းအနား တက်ရောက် (ဇူလိုင် ၁၄-၂၀၁၇)

ပြင်သစ်နိုင်ငံက နိုင်ငံတော်အားလပ်ရက် Bastille နေ့ အခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ် အမေရိကန်သမ္မတ Donald Trump တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ ပထမကမ္ဘာစစ်မှာ အမေရိကန် ပါဝင်ဆင်နွှဲခဲ့တဲ့ နှစ်ရာပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် စစ်တီးဝိုင်းတွေ ဂျက်တိုက်လေယာဉ်တွေ ပျံသန်းမှုတွေနဲ့အတူ စစ်ရေးပြ ချီတက်ပွဲတွေကိုလည်း တခမ်းတနား ကျင်းပခဲ့တာပါ။

အမေရိကန် တပ်ဖွဲ့တွေ ဦးဆောင်ပြီး ပြင်သစ်စစ်သားထောင်ပေါင်းများစွာ ချီတက်ခဲ့ကြတဲ့ ပါရီမြို့တော်က Champs Élysées လမ်းမကြီးပေါ်မှာတော့ ၂ နိုင်ငံ အလံတွေ လွှင့်ထူထားပါတယ်။ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှု အန္တရာယ်က ကာကွယ်ဖို့လည်း ချီတက်ရာလမ်းတလျှောက် ရဲတပ်ဖွဲ့ဝင် အင်အား ၃၅၀၀ ကျော် ချထားပါတယ်။

ပြင်သစ်နိုင်ငံ Nice မြို့မှာ အကြမ်းဖက်ဝါဒီတွေရဲ့ ထရပ်ကားတစင်းနဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၆ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက် တနှစ်ပြည့်နေ့မှာပဲ အခမ်းအနားတွေကို ကျင်းပခဲ့ကြတာပါ။ IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ကတော့ မြေထဲပင်လယ်ဒေသက Nice မြို့မှာ မနှစ်တုန်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကိစ္စဟာ အမေရိကန်သမ္မတ Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ မနေ့က တွေ့ဆုံရာမှာ အဓိကဆွေးနွေးခဲ့တဲ့ အကြောင်းအရာတရပ် ဖြစ်ခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ကုန်သွယ်ရေးလို ကိစ္စတွေမှာတော့ ခေါင်းဆောင် ၂ ဦးကြား သဘောထား မတူတာတွေလည်း ရှိခဲ့တာပါ။

အမေရိကန်သမ္မတရဲ့ အကျိုးစီးပွားကာကွယ်ရေးနဲ့ တသီးတခြား ရပ်တည်လိုတဲ့ သဘောထားတွေကြောင့် ပြင်သစ်နဲ့ ဥရောပခေါင်းဆောင်တွေ စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ၊ ပြင်သစ်သမ္မတကတော့ အမေရိကန်နဲ့ ဘုံသဘောထား တူညီနိုင်တဲ့ ကိစ္စတွေကို အာရုံစိုက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အကြမ်းဖက်ဝါဒကို ရင်ဆိုင်ရာမှာ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာမှုရှိဖို့နဲ့ အကြမ်းဖက်ဝါဒ ဘယ်နေရာမှာပဲ ရှိနေနေ တိုက်ဖျက်သွားဖို့ လိုအပ်ကြောင်း မနေ့တုန်းက အမေရိကန်သမ္မတနဲ့ တွေ့ဆုံပြီးနောက်မှာပဲ ပြင်သစ်သမ္မတက ပြောဆိုခဲ့တာပါ။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အမေရိကန်နဲ့ ပြင်သစ် ၂ နိုင်ငံကြား သဘောထားအမြင် ကွဲပြားမှု မရှိကြောင်းလည်း ပြင်သစ်သမ္မတက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG