သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ရသေ့တောင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ။
ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီကနေ့ နယ်မြေရှင်းလင်းရေး လုပ်ခဲ့စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြန်မာအစိုးရက ပြောလိုက်ပါတယ်။ မောင်တောမြို့နယ်မှာ မနေ့က အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် မြိုတိုင်းရင်းသား ၆ ယောက်သေဆုံးပြီး တရက်အကြာ၊ ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေး လုပ်စဉ်အတွင်း အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ပြောပေမယ့်၊ ဒေသခံ ရခိုင်ပါတီဘက်ကတော့ လုံခြုံရေးအတွက် အခုထက် ပိုတိုးမြှင့် လုပ်ဆောင်သွားဖို့လိုတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ အကြမ်းဖက်ဝါဒီတွေကို ငွေကြေးထောက်ပံ့နေသူတွေလို့ မသင်္ကာရတဲ့သူတွေကို ဖမ်းဆီး ရှာဖွေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတယ်လို့မြန်မာအစိုးရက ပြောလိုက်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့သူတွေအဖြစ် လူ ၆ ဦးကို ဖမ်းဆီးအပြီး အောက်နန်းရာကျေးရွာ က ပြန်လည်ထွက်ခွာချိန်မှာ ရွာသား ၆၀၀ လောက်က ဝိုင်းဝန်း တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ နယ်မြေလုံခြုံရေးရှင်းလင်းဖို့အတွက် ဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ဘယ်လောက်ရှိတယ်ဆိုတာကို သိရဖို့ မြန်မာအစိုးရ နဲ့ သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မနေ့ သြဂုတ်လ ၃ ရက်နေ့ကတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ကိုင်ကြီးကျေးရွာသာ ၆ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက် ပျောက်ဆုံ နေတယ်လို့ အာဏာပိုင်တွေဘက်က ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ ဒေသခံ မြို တိုင်းရင်းသား ၂ ယောက်ကိုတော့ ပြန်လည်တွေ့ရှိနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။

"နှစ်ယောက်ပျောက်ဆုံးနေဆဲအခြေအနေကတော့ ကျနော်တို့ ရှာဖွေဆဲပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဘာမှ ထူးခြားမှုမရှိသေးပါဘူး။ ခြေရာလက်ရာတွေ သဲလွန်စတွေ ဒါတွေကတော့ရှိပါတယ် ဒါပေမဲ့ ဒါကို ကျနော်တို့ လက်ဝယ် ရှာဖွေမတွေ့သေးတဲ့အချိန်မှာတော့ ကျနော်တို့အနေနဲ့ အတိအကျ မပြောနိုင်ခြင်းဖြစ် ပါတယ်။ ဒီနှစ်ယောက်ကိုတော့ ဆက်လက်ရှာဖွေနေဆဲပါ။ ဒါကတော့ ဘင်္ဂလီအကြမ်းဖက်တွေ လုပ်သွားတာပါ။"

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၃ ဦး သေဆုံးသွားခဲ့တာဖြစ် တယ်လို့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသေဆုံး သွားသူတွေဟာ သေနတ်ဒဏ်ရာ ၊ ဓါးဒဏ်ရာတွေ နဲ့ သေဆုံးခဲ့တာဖြစ်ပြီး၊ တောင်ယာလုပ်ကိုင်ကြတဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း လုံခြုံရေးအခြေအနေကို ဘယ်လို တိုးမြှင့် လုပ်ဆောင်ထားသလဲဆိုတဲ့အပေါ်မှာ ဦးတင်မောင်ဆွေက ပြောပါတယ်။

"လုံခြုံရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်ပူပင်နေတော့ ကျနော်တို့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ပြီးတော့ တာဝန်ပေးထားတာရှိပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ တိုင်းရင်းသားကျေးရွာတွေမှာ ထားပါတယ်။ စခန်းတွေမှာလည်း ဖြန့်ခွဲထားရှိပါတယ်။ အဓိကကတော့ ရွာတွေထဲမှာ လှည့်ကင်းတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ကျနော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ရွာတွေနဲ့ လမ်းကြောင်း တလျောက်မှာပဲ ရှိတာဖြစ်ပါတယ်။ အပြင်စည်းကတော့ ကျနော်တို့ တပ်မတော်စစ်ကြောင်းနဲ့ သတင်းရလို့ရှိရင် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်တွေကနေ သွားရောက်ပြီးတော့ ရှင်းလင်းတဲ့အဆင့်ဖြစ်ပါတယ်။ "

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခုလို ဒေသခံတိုင်းရင်းသားတွေ အသတ်ခံလိုက်ရတာ နဲ့ ပတ်သက်ပြီး ပြည်နယ်တွင်း လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေအပေါ်မှာ စိတ်ပျက်မိပြီး၊ လုံခြုံရေးမဟာဗျူဟာကို ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့အမ်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။

"လုံခြုံရေးအခြေအနေကတော့ စနစ်တကျချဉ်းကပ်မှုမရှိဘူး ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ မောင်တောနယ်စပ်မှာ တာဝန်ယူထားတဲ့ နယ်ခြားစောင့်တပ်နဲ့ပတ်သက်တဲ့ အထက်ဆုံးပုဂ္ဂိုလ်ကနေ တာဝန်ရှိတဲ့သူအားလုံးကို ပြန်သုံးသပ်ဖို့လိုမယ်။ လူစားလဲရင် လဲရမှာပေါ့ ဘာကြောင့် လုံခြုံရေးစည်းကျိုးပေါက်တာလဲ ပထမတချက်ပေါ့။ နောက်တခုက၂၀၁၇ ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းထားတဲ့ စစ်ဆင်ရေး ဧရိယာပြန်သတ်မှတ်ဖို့လိုတယ်။ စနစ်တကျ မေယုတခုလုံးကို ဝင်ရောက်မွှေနှောက်ပေးဖို့လိုတယ်။ ကျနော်တို့ လုံခြုံမှုစည်းရဖို့အတွက် နံပတ်တစ် တချက်ကတော့ ပြည်သူ့စစ်မဟာဗျူဟာကို ပြန်သုံးသပ်ဖို့လိုတယ် ရခိုင်အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများရဲ့ အသက်အိုးအိမ်လုံခြုံမှုရှိအောင် ကျေးရွာ အခြေခံတဲ့ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့လိုတယ်။ ကျေးရွာအခြေခံတဲ့ရဲတပ်ဖွဲ့တွေ လိုတယ်။ ဖြစ်နိုင်ရင် ပွင့်ပွင့်လင်းလင်းပြောရင် တိုင်းရင်းသားတွေဟာ လယ်လုပ်ရင်း ငါးရှာရင်း တောင်ယာလုပ်ရင်းနဲ့ ရဲလုပ်ငန်းကို လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့လိုတယ်။ တနည်းအားဖြင့် သေနတ်ပေးပြီး ကိုယ့်ရွာကိုယ်ကာကွယ်တဲ့ လုံခြုံရေး အဖွဲ့အစည်းဖြစ်အောင် ဘယ်လိုလုပ်မှာလဲဆိုတာ အစိုးရ စဉ်းစားဖို့လိုပြီ။ ပြည်သူ့စစ်မဟာဗျူဟာနဲ့သွားမှာလား ရပ်ရွာရဲအဖြစ် ပုံဖော်ပြီးလေ့ကျင့်ပြီးမှ ဝန်ထမ်းအဖြစ် ထားပြီးကာမှ လုံခြုံမှု စည်းကိုချမှာလား ဒါကို စနစ်တကျ လုပ်ဖို့လိုပြီ။ အဲ့တော့ လူထုပါဝင်ဖို့လိုပြီ အဲ့တော့ အမျိုးသားလုံခြုံမှုစည်းနဲ့ အမျိုးသားလုံခြုံမှုကို ကာကွယ်လိုတဲ့စစ်ဓာတ် ခိုင်ခိုင်မာမာရှိတဲ့ပုဂ္ဂိုလ်များ အဲ့ဒီမှာ ထားဖို့လိုမယ်။"

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တောင်ပိုင်းမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာကနေ ပြည်နယ်အတွင်းက ရခိုင်လူမျိုးတွေ နဲ့ မွတ်စလင်တွေကြား ပဋိပက္ခတွေ တဖန်ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတွင်းမှာလည်း နယ်ခြားစောင့်လုံခြုံရေးစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် မတည်မငြိမ်အခြေအနေတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG