သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု ကုလမြန်မာဌာနေ ကိုယ်စားလှယ် ရှုတ်ချ


ရခိုင်မောင်တောဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွားနေစဉ်။ (သြဂုတ် ၂၅-၂၀၁၇) သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး
ရခိုင်မောင်တောဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွားနေစဉ်။ (သြဂုတ် ၂၅-၂၀၁၇) သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

သြဂုတ်လ ၂၄ရက်နေ့ညက မောင်တောခရိုင်အတွင်း ရဲစခန်း နေရာ ၃၀ကို အစွန်းရောက် အကြမ်းဖက်သမား များက တပြိုင်နက်တိုက်ခိုက်လာတဲ့ အပေါ် ကုလသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကိုဖီ အာနန် ရခိုင် ကော်မရှင်ကအဖွဲ့ဝင် ဦးအေးလွင်ကတော့အကြမ်းဖက်မှုတွေထပ်မဖြစ်ဖို့ ထိရောက်တဲ့ နယ်မြေ ရှင်း လင်းမှု လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတကာဘက်က ကြေညာချက်တခု ထုတ်ရုံနဲ့ မပြီးဖို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ အပေါ်ထိရောက် တဲ့ ကူညီမှုတွေပေးဖို့ အခြေအနေ အမှန်တွေမြင်နိုင်ဖို့ ရခိုင် တိုင်းရင်း သားတွေက နိုင်ငံတကာကိုတောင်းဆို လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်း ဌာနကမေခက တင်ပြသွားမှာပါ။

သြဂုတ်လ ၂၄ရက်နေ့ညက မောင်တောခရိုင်အတွင်း ရဲစခန်း နေရာ ၃၀ကို အစွန်းရောက် ဘင်္ဂလီ အကြမ်းသမား များက တပြိုင်နက်တိုက်ခိုက်လာတာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ တပ်မတော်သား ၁ဦး၊ ဒုလဝကမှူး ၁ဦး ပေါင်း ၁၂ဦး ကျဆုံးခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလိုတိုက်ခိုက်လာမှုနဲ့ပတ်သတ်လို့ ကုလသမဂ္ဂ အဖွဲ့က အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ခုလိုပြောပြတာပါ။

" အခုပဲ ကုလသမဂ္ဂအနေနဲ့ပေါ့လေ အခုလို ဝင်ရောက်တိုက်ခိုက်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတဲ့ ကြေညာချက် ထုတ်ထားပါတယ်။ အရပ်သားတွေကို စောင့်ရှောက်ဖို့ရယ် နောက် တရားဥပဒေစိုးမိုးအောင် ပြန်လည်တည်ဆောက်ပေးဖို့ ပြသနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားတာရှိပါတယ်။ ရခိုင်အကြံပေးကော်မရှင်က ပေးခဲ့တဲ့ အကြံပေးချက်တွေကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့ အခြေအနေကိုလည်း ကုလသမဂ္ဂအနေနဲ့ သေချာစောင့်ကြည့်နေတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း အမြဲဆက်သွယ်နေတယ်ဆိုတာ ထည့်ရေးသားထားပါတယ်။"

ကုလသမဂ္ဂ အပြင် အာဆီယံအမတ်များအဖွဲ့၊ ရန်ကုန်အမေရိကန်သံရုံးနဲ့ ကိုဖီအာနန် ရခိုင် ကော်မရှင် အဖွဲ့ တွေကအကြမ်းဖက်မှုကို ရှုံချ ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ကိုဖီအာနန် ရခိုင် ကော်မရှင်ရဲ့ ရခိုင်အစီရင်ခံစာထွက်လာပြီးနောက် အခုလို မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ကိုဖီအာနန် ရခိုင် ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ အကြမ်းဖက်မှုတွေထပ်မဖြစ်ဖို့ ထိရောက်တဲ့ နယ်မြေ ရှင်းလင်းမှု လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

" ကျနော်တို့ အကြံပြုချက်များကို အမြန်ဆုံးအကောင်အထည်ဖော်မှသာလျှင် ဒီလိုပဋိပက္ခတွေဟာ ပြေငြိမ်းမှုရမယ်လို့လည်း တနည်းအားဖြင့် ကျနော်တို့ စဉ်းစားမိပါတယ်။ အဲ့တော့ ရခိုင်ပြည်နယ်မှာလည်း အရင်က ဒီလောက်ဆိုးဆိုးဝါးဝါး မဟုတ်ပေမဲ့လည်း အခုတော့ ပုန်ကန်ထကြွမှုက အတော်အခြေကျလာပြီဖြစ်တဲ့အတွက် လိမ်မာပါးနပ်စွာနဲ့ လက်ရုံးရည်ရော နှလုံးရည်ရော စစ်မက်တွေကို ပြေပျောက် သွားစေဖို့အတွက် ဘက်ပေါင်းစုံကနေ ကျနော်တို့ ကြိုးစားဖို့ လိုအပ်မယ်လို့ ကျနော် ပုဂ္ဂိုလ်ရေးအရ ထင်တယ်။ စနစ်တကျ စည်းနဲ့ကမ်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်လိုက်မယ် ဆိုလို့ရှိရင် ဒီဟာကို ထိန်းကွပ်လို့ရမယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။"

အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ မနေ့ကနေ ဒီကနေ့ ညနေ ၄နာရီအထိ မောင်တောဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရဆဲဖြစ်ပြီး အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ထိတွေ့မှုတွေဖြစ်ပွားနေဆဲပါ။ ထိတွေ့မှု တွေရှိနေဆဲမို့ဒေသခံ ပြည် သူတွေမှာစိုးရိမ်ကြောက်ရွံ့ နေကြရပါတယ်။

နိုင်ငံတကာဘက်က အခုလိုကြေငြာချက်တခုထုတ်ရုံနဲ့မပြီးပဲအခြေအနေမှန်သိမြင်ပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေအပေါ်ထိရောက် တဲ့ ကူညီမှုတွေပေးဖို့ ရခိုင်တိုင်းရင်းသားတွေက လိုလားနေကြပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က နိုင်ငံတကာအနေနဲ့ ရခိုင်တိုင်းရင်းသားတွေဘေးဒုက္ခရောက်နေရတဲ့ အခြေအနေနဲ့ လက်တွေ့ရင်ဆိုင်နေရတာမို့ ဒီထပ်ပိုတဲ့ လူသားချင်းစာနာမှုတွေပြသဖို့ ပြောဆိုလိုက်ပါတယ်။

" မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ကာရုံလောက်ပဲ ဝတ္တရားကျေ ဒီလိုမျိုး စာလေးတစ်စောင် ထုတ်ရုံလောက်နဲ့မဖြစ်ဘူး သို့သော် အရင်တုန်းကဖြစ်ခဲ့တာအားလုံးကို အစိုးရဆိုပြီးမှ ပြစ်တင်ပုံချပြီးမှ Ethnic Cleansing လုပ်တယ် Genocide လုပ်တယ်ဆိုပြီး နိုင်ငံတကာ Community တွေက စွပ်စွဲလာကြတဲ့အခါမှာ အခုပြန်သုံးသပ်ဖို့လိုလာပါတယ်။ ဒီ့ထက်မက ထဲထဲဝင်ဝင် ဌာနတိုင်းရင်းသားများကို ကိုယ်ချင်းစာပြဖို့လိုမယ် အကာအကွယ်မဲ့နေတဲ့သဘော ဖြစ်နေပါတယ်။"

ဒီကနေ့ညနေ ၄နာရီ အထိမောင်တောဒေသအခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွေရှိနေပြီး ဒေသခံတိုင်းရင်းသားတွေပိတ်မိနေတာတွေရှိတယ်လို့ ဒေါက်တာအေးမောင်ကပြောပါတယ်။

" အခုဆို ညနေစောင်းရောက်လာပြီ တောင်ပြိုလက်ဝဲတို့ ဘူးသီးတောင်ရဲ့ တောင်ပဇာတို့ ဘာတို့ဆိုတာ တဖက်ကနိုင်ငံနဲ့ နည်းနည်းလေးနီးတယ် ဘင်္ဂလီလူထုနဲ့ အကြမ်းဖက်တဲ့ ပုံစံဖြစ်လာတယ်။ ကိုယ့်ရွာကိုယ်မီးရှို့တာတွေလည်း အများကြီးတွေ့လာတယ်။ ညနေပိုင်း ကျရင် ပြည်ပရန်ကပဲ လာမှာလား ပြည်တွင်းကပဲ အသွင်ပြောင်းသွားမှာလား အဲ့တာမျိုးကို ကျောင်းဆရာ ဆရာမတွေလည်း စိုးရိမ်နေကြတယ် ကျနော်တို့ဆီ ဖုန်းဆက်ပါတယ်။ ကိုယ်ဝန်သည်ပါတယ် ကလေးတွေပါတယ် သူတို့က ကိုယ့်ရွာကနေ ဆုတ်ဆုတ်ပြီးကာမှ တောင်ပြိုလက်ဝဲရဲ့ နောက်ဆုံးတောင် မီးတိုက်ဆိုတဲ့နေရာအထိ ဆုတ်နေပြီ ဘာလက်နက်မှာလည်း မပါဘူး စစ်သားလည်း မကာကွယ်ဘူး ရဲလည်း မပါဘူး။ အဲ့လို အကာအကွယ်မဲ့တဲ့အခါမှာ ကျနော်တို့တွေကို သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေကို ဟယ်လီကော်ပတာနဲ့ ကယ်ထုတ်ပေးဖို့ မေတ္တာရပ်ခံနေကြတယ်။ တောင်ပြိုလက်ဝဲမှာ အ့လိုဖြစ်သလို တောင်ပဇာမှာလည်း အဲ့အတိုင်းပဲ ဝန်ထမ်းတွေရော ကလေးတွေရော ဌာနတိုင်းရင်းသားတွေရော အကုန်လုံးက ဘုန်းကြီးကျောင်းမှာ ရောက်နေတာ။"

မောင်တောဒေသမှာ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ကလည်း မနေ့ကလိုမျိုး နယ်ခြားစောင့်ရဲကင်းတွေကို အကြမ်း ဖက်သမားတွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်တာခံခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG