သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရဟတ်ယာဉ် ဝင်ရောက်မှု ဘင်္ဂလားဒေရှ့်ကန့်ကွက်


ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရဟတ်ယာဉ်များဖြင့် လေ့လာရေးအဖွဲ့များ ခရီးသွားကြစဉ် (နိုဝင်ဘာ ၂-၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရဟတ်ယာဉ်များဖြင့် လေ့လာရေးအဖွဲ့များ ခရီးသွားကြစဉ် (နိုဝင်ဘာ ၂-၂၀၁၆)

ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒေသ၊ Ukhia ခရိုင်ခွဲနား ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲကို မြန်မာရဟတ်ယာဉ်တွေ သြဂုတ် လ ၂၇ ရက်၊ ၂၈ ရက်နဲ့ စက်တင်ဘာလ ၁ ရက်နေ့တွေမှာ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။ Cox’s Bazar ဒေသဟာ ရခိုင်ပြည်နယ်ဘက်က ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ရှိနေတဲ့နေရာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို စက်တင်ဘာလ ၁ ရက်နေ့မှာ သံတမန်ရေးမှတ်ချက် ပေးပို့ပြီး ကန့်ကွက်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ပြောတာကို ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာန အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ တမနက်ထဲမှာကိုပဲ မြန်မာရဟတ်ယာဉ်တွေ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်တာ ၃ ကြိမ်ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

အခုလို မြန်မာရဟတ်ယာဉ်တွေ ကျူးကျော်ဝင်ရောက်တာဟာ အိမ်နီးချင်းကောင်း ဆက်ဆံရေးနဲ့ ကိုက်ညီမှုမရှိဘဲ မလိုလားအပ် တဲ့အခြေအနေတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနကပြောပါတယ်။ လုံခြုံရေးကဏ္ဍမှာ ဘင်္ဂလား ဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒီလို အချုပ်အခြာအာဏာကို ချိုးဖောက်မှုမျိုးတွေဟာ နှစ်နိုင်ငံအကြား ရှိထား တဲ့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်ကြောင်းနဲ့ ဒီလိုဖြစ်ရပ်မျိုးုတွေ ထပ်မဖြစ်အောင် ချက်ခြင်း အရေးယူ လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို တောင်းဆိုထားကြောင်းလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က တုန့်ပြန်ပြောဆိုတာ ချက်ခြင်းထွက်မလာသေးပါဘူး။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာနိုင်ငံဘက်ကနေ ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး သောကြာနေ့ထိ ထွက်ပြေးနေကြတုန်းပဲလို့ အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။ အဲဒီဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မဝင်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေက တားဆီးထားတဲ့ကြားကပဲ လူပေါင်းများစွာဟာ ရွှံ့နွံထူထပ်တဲ့ လယ်ကွင်းတွေကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဖြတ်ဝင်သွားနေကြတာ တွေ့ရတယ်လို့ အေပီသတင်းမှာ ရေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာ သီတင်းတပတ်နီးပါး ကြာလာပြီးတဲ့နောက် မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၃၈,၀၀၀ လောက်ရှိနေပြီလို့ ကုလသမဂ္ဂက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG