သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှနယ်စပ်ရောက် ဒုက္ခသည်အတွက် UNHCR အရေးပေါ်ကူညီမှုပေး


ဘင်္ဂလားဒေ့ရ်ှနယ်စပ်ရောက် ဒုက္ခသည်များ
ဘင်္ဂလားဒေ့ရ်ှနယ်စပ်ရောက် ဒုက္ခသည်များ

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီပေးနေပြီး နယ်စပ်တလျှောက် တင်းကျပ်မှုတွေကို လျှော့ပေါ့ပေး ထားတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထွက်ပြေးလာတဲ့ ဒုက္ခသည် ခန့်မှန်းချေ သောင်းဂဏန်း ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ လတ်တလော ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ UNHCR တာဝန်ရှိသူတဦးကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့ဲပြီးတဲ့နောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ သောင်းဂဏန်းအထိ ရှိနိုင်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်း ထားပါတယ်။ မြန်မာဘက်ခြမ်း နယ်စပ်ဒေသတွေမှာ ပိတ်မိနေတယ်ဆိုတဲ့ ဒီဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ကိုဝင်ရောက်နိုင်ဖို့အတွက် နယ်စပ်ဒေသတလျှောက် တင်းကျပ်မှုတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လျှော့ပေါ့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်နေတဲ့ UNHCR ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

“ရခိုင်ဒေသတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ရာနဲ့၊ ထောင်နဲ့ချီဟာ နယ်စပ် နေရာအတော်များများမှာ ပိတ်မိနေတာ ရှိခဲ့ပါတယ်။ သီးခြား အတည်မပြုနိုင်ပေမဲ့လည်း တချို့သတင်းရင်းမြစ်တွေကနေ ကျမတို့ သိရသလောက်ကတော့ - ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ဒေသ တင်းကျပ်မှုတွေကို ညတွင်းချင်းပဲ လျှော့ပေါ့ပေးခဲ့ပြီး ဒုက္ခသည်တွေကို ဝင်ရောက်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။”

ရက်ပိုင်းအတွင်း ရောက်လာတဲ့ ဒုက္ခသည် သောင်းဂဏန်း ရှိနိုင်တယ်လို့ ခန့်မှန်းပေမဲ့ လောလောဆယ် အရေအတွက် အတိအကျကိုတော့ ပြောဖို့မလွယ်တဲ့အကြောင်း ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နောက်ထပ် ဒုက္ခသည် ဘယ်လောက်ရောက်လာလဲ ဆိုတာ တိတိကျကျ ပြောဖို့ ခက်ပါတယ်။ ကျမတို့ သိထားသလောက်ကတော့ အရင်ကတည်းကရှိခဲ့တဲ့ ကုတုပလောင် ဒုက္ခသည်စခန်း တခုတည်းကိုပဲ နောက်ထပ် ရောက်လာတဲ့ ဒုက္ခသည် တသောင်းနီးပါး ရှိပါတယ်။ နယ်စပ်နေရာအနှံ့က ဒုက္ခသည်အရေအတွက်ကို မသိရသေးတာကြောင့် ဒါကိုတော့ ပြောဖို့ ခက်ပါတယ်။ ဝင်လာတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ စာရင်းကောက်ယူနိုင်တဲ့ အခြေအနေ မရှိတာကြောင့်လည်း အရေအတွက် အတိအကျသိရဖို့ အင်မတန်ခက်ပါတယ်။ အခုက ခန့်မှန်းချေကိုသာ ပြောနိုင်ပါတယ်။”

ဒီဒုက္ခသည်တွေအတွက် UNHCR က ဘယ်လိုအကူအညီတွေ ပေးနေပါလဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရကရော ကူညီပေးတာ ရှိပါလား။ Vivian Tan က ခုလိုပြောပါတယ်။

“ကုလသမဂ္ဂ အနေနဲ့ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် မိတ်ဖက်အဖွဲ့အစည်းတွေရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး အရေးပေါ် အကူအညီတွေ ပေးနေပါတယ်။ အစားအစာတွေကို ခွဲတမ်းနဲ့ ဝေပေးတာ၊ ဆေးဝါးကုသဖို့ လိုအပ်သူတွေကို ကုသပေးတာတွေ ပါ ပါတယ်။ သူတို့ကို နေရာထိုင်ခင်းပေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ဒီ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်တွေက နဂိုကတည်းက လျှံထွက်နေတာပါ။ ရှိရင်းစွဲ ဒုက္ခသည်တွေက ဒုက္ခသည်သစ်တွေအတွက် နေရာပေး ကူညီကြပါတယ်။ နေရာထိုင်ခင်း အခြေအနေကတော့ အတော်ကြီး ခက်ခဲပါတယ်။”

အခု ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို အလုံးအရင်းနဲ့ ထွက်ပြေးလာသူတွေထဲမှာ အများစုက - ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ရိုဟင်ဂျာ လို့ သုံးနှုန်းခေါ်ဝေါ်ပြီး မြန်မာအစိုးရကတော့ ဘင်္ဂါလီလို့ သုံးနှုန်းပြောတဲ့သူတွေ ဖြစ်ပါတယ်။

“ကျမတို့ သိသလောက် အများစုကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေပါ။ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း အများအပြား ပါပါတယ်။ ဗုဒ္ဓဘာသာ မြန်မာဒုက္ခသည်တွေလည်း အနည်းစု ပါတယ်လို့တော့ ကျမတို့ သတင်းတွေ ကြားရတာရှိတယ်။ ဒါပေမဲ့ သူတို့နဲ့ တိုက်ရိုက် ဆက်သွယ် စကားပြောရတာ မဟုတ်သေးတော့ တိတိကျကျ အတည်ပြု ပြောဖို့တော့ ခက်ပါတယ်။”

ခုလို ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ပြန်လည်ဖြစ်ပွားပြီး အရပ်သားပြည်သူတွေ ထွက်ပြေးနေရတဲ့အပေါ်မှာ အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရတွေက ထုတ်ဖော်ပြောဆိုခဲ့ကြသလို၊ လက်ရှိ ရခိုင်ပြည်နယ်တွင်း တင်းမာမှုတွေ လျော့ကျအောင် ရေရှည် နည်းလမ်းတရပ် ရှာဖွေနိုင်ဖို့အတွက်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က အရေးပေါ် တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG