မြန်မာနိုင်ငံ ရခိုင်ဒေသမှာ လူသားတွေ ကြုံနေရတဲ့ ဖြစ်ရပ်ဆိုးနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကုသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ချက်ခြင်း ကြားဝင်တိုက်တွန်းပေးဖို့ နိုဘယ်လ်ဆုရှင် ၁၂ဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဒီကနေ့ပဲ အိတ်ဖွင့်ပေးစာတစ်စောင် ပေးလိုက်ပါတယ်။
အဖွဲ့အစည်းပေါင်းစုံက သိရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်လို့ သူတို့ရဲ့စာမှာ ပြောထားပါတယ်။ လူ သိန်းနဲ့ချီပြီးတော့ အိုးအိမ်စွန့်ခွာ ပြေးကြရတဲ့ အခင်းဖြစ်တဲ့ ဒေသမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ မရသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အရင်နှစ်တွေတည်းက ကုလသမဂ္ဂက ကြားဝင်ဖို့ ရေးသားတောင်းဆိုခဲ့ပြီးပါပြီ။
ဒါပေမယ့်လည်း အခြေအနေထူးခြားမလာခဲ့လို့ ရခိုင်ဒေသက အပြစ်မဲ့အရပ်သားတွေအပေါ်မှာ အင်အားသုံး လုပ်ဆောင်နေတာတွေ ရပ်တန့်သွားအောင် ကုလသမဂ္ဂအနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ဖို့ တောင်းဆိုပါတယ်ဆိုပြီးတော့ သူတို့ရဲ့ စာမှာ ရေးထားပါတယ်။ သူတို့ရဲ့ ပေးစာမှာ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း အကောင်အထည်ဖော်အောင်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖျောင်းဖျပါလို့လည်း ပါပါတယ်။
ဒီရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုတင်လုပ်ဆောင်ရမယ့်အချက်တွေကို အကြံပြုပါတယ်ဆိုပြီးတော့လည်း အချက် ၆ ချက်ကို သူတို့က ထောက်ပြထားပါတယ်။ အဲဒီထဲမှာတော့ ဒုက္ခသည်တွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးနေရတာ ရပ်တန့်သွားအောင်လို့ ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံတကာ စောင့်ကြည့်အကဲခတ်တွေကို မှန်မှန်လာရောက်ကြည့်ရှုခွင့်ပေးဖို့နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ပေးအပ်ဖို့ ပါဝင်ပါတယ်ရှင်။