သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံမှာ မြောက်ကိုရီးယားအရေး အဓိကဆွေးနွေးဖို့မျှော်လင့်

ကုလအထွေထွေ ညီလာခံ (မတ်လ ၂၀၁၃)
ကုလအထွေထွေ ညီလာခံ (မတ်လ ၂၀၁၃)

ကမ္ဘာတဝှမ်းက ပြဿနာပေါင်းစုံနဲ့ ပတ်သက်လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ မကြာခင် ကျင်းပမယ့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေချိန် ကျင်းပမယ့် အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Donald Trump ဘာပြောမလဲ ဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Margaret Besheer ကုလသမဂ္ဂ ရုံးချုပ်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားရဲ့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်က မြေအောက် အနုမြူဗုံးစမ်းသပ်မှုကြောင့် နိုင်ငံတကာက ဝေဖန်မှုတွေ၊ ပြင်းထန်တဲ့ ဒဏ်ခတ်မှုသစ်တွေ ချမှတ်ထားပါတယ်။ ဒီကြားထဲမှာပဲ မြောက်ကိုရီးယားက နိုင်ငံတကာကို အံတုပြီး တလအတွင်း ဒုတိယအကြိမ်အဖြစ် သောကြာနေ့က ဂျပန်နိုင်ငံပေါ်ကို ဖြတ်ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ မစ်ဇိုင်းဒုံးပစ်လွှတ်ခဲ့တာပါ။ နိုင်ငံတကာ ခေါင်းဆောင်တွေ စုံကြမယ့် ကုလသမဂ္ဂမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ သူ့ရဲ့ နျူကလီးယား ရည်မှန်းချက်အပေါ် အကြီးအကျယ် ပြောဆိုမယ့် အလားအလာတွေ ရှိနေပေမဲ့၊ ခိုင်ခိုင်မာမာ အဖြေထွက်မယ့်ပုံတော့ မရှိဘူးလို့ ဥရောပကောင်စီ နိုင်ငံခြားဆက်ဆံရေးဌာန က Richard Gowan က မြင်ပါတယ်။

“မြောက်ကိုရီးယားအရေး ကုလသမဂ္ဂမှာ တော်တော်များများ ပြောကြဆိုကြပါလိမ့်မယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ အမေရိကန်နဲ့ တရုတ်တို့ကြား ဆွေးနွေးမှုတွေကသာ သံတမန်ရေးအရ အဖြေထွက်နိုင်တဲ့ အခွင့်အလန်း ရှိပါတယ်။ ကုလသမဂ္ဂရဲ့ သံတမန်ရေးနည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာမူဆလင် ၄ သိန်းလောက်အထိ ထွက်ပြေးနေရတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်မှုတွေကြားမှာပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အထွေထွေညီလာခံ တက်ရောက်မယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ အဆင့်မြင့်ဆွေးနွေးပွဲ ၂ ခု ကျင်းပဖို့လည်း စီစဉ်ထားတာပါ။

အထွေထွေညီလာခံ ကျင်းပမယ့် အမေရိကန် ပြည်ထောင်စုက သမ္မတ Donald Trump အနေနဲ့လည်း အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ ၂၀၁၅ သဘောတူညီချက်ကနေ မထွက်ဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေက တိုက်တွန်းကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ အီရန်နဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ရရှိထားတဲ့ သဘောတူညီချက်ဟာ ညံ့ဖျင်းလှတာကြောင့် ဖျက်ပစ်မယ်လို့ သမ္မတ Trump က ပြောထားတဲ့ အတွက်လည်း ကုလသမဂ္ဂ အကြီးအကဲ အပါအဝင် နိုင်ငံတကာက စိုးရိမ်နေကြတာပါ။

လတ်တလောမှာ တင်းမာမှုတွေ လျှော့ချပြီး တည်ငြိမ်မှုရစေရေး အထောက်အကူ ဖြစ်နေတဲ့ အရေးကြီးတဲ့ သဘောတူညီချက်တရပ် ဖြစ်တာကြောင့်၊ ဆက်ထိမ်းထားနိုင်ဖို့ သက်ဆိုင်သူတွေ အားလုံးကို ဝိုန်းဝန်းကြိုးပမ်းစေလိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ ဆွေးနွေးပွဲတွေမှာပဲ Irma ဟာရီကိန်း မုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ တောင်ပိုင်းနဲ့ ကရစ်ဘီယံဒေသ နေရာတော်တော်များများမှာ ပြန်လည်ထူထောင်ရေး ကိစ္စတွေကိုလည်း အာရုံစိုက် ပြောဆိုကြမှာပါ။ Irma မုန်တိုင်းနဲ့ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းမှာ အကြီးအကျယ်ရေကြီးမှုတွေ ကြုံခဲ့ရတဲ့ Harvey ဟာရီကိန်း မုန်တိုင်းတွေကြောင့် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်က ထွက်မယ့်အစီအစဉ်ကို သမ္မတ Trump ပြန်စဉ်းစားမလား မျှော်လင့်နေသူတွေလည်း ရှိပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ကို မဖျက်ဖို့ သမ္မတ Trump သာ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သံတမန်ရေးအရ ကြီးမားတဲ့အောင်မြင်မှုတရပ် ဖြစ်မယ်လို့လည်း ဥရောပကောင်စီ နိုင်ငံခြားဆက်ဆံရေးဌာန က Richard Gowan ကယူဆပါတယ်။

“သဘောတူညီချက်ကနေ ထွက်ချင်မှထွက်တော့မယ်ဆိုတဲ့ သဘောမျိုး အရိပ်အမြွက် သူပြောနေတာတွေ ရှိပါတယ်။ နယူးယောက် အထွေထွေညီလာခံမှာ ဒီအတိုင်း ပြောလိုက်မယ် ဆိုရင်တော့ တခြားခေါင်းဆောင်တွေ သဘောကျကြမှာ ဖြစ်တာကြောင့် သူ့အတွက်တော့ ကြီးမားတဲ့ သံတမန်ရေးအောင်မြင်မှု ဖြစ်ပါလိမ့်မယ်။”

ဒီနှစ်ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ ထင်ရှားတဲ့ နိုင်ငံတကာခေါင်းဆောင်တွေထဲက ရုရှားသမ္မတ Vladimir Putin တရုတ်သမ္မတ Xi Jinping ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့ကတော့ တက်ရောက်ကြမှာ မဟုတ်ပါဘူး။ သမ္မတ Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ အတွက်ကတော့ နိုင်ငံတကာစင်မြင့်မှာ ပထမဆုံးတက်လာကြမှာ ဖြစ်တာကြောင့် အများအာရုံစိုက်တာ ခံရလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ကုလအထွေထွေညီလာခံမှာ မြောက်ကိုရီးယားအရေး အဓိကဆွေးနွေးဖို့မျှော်လင့်
please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG