သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ပေါ် ရေးသားချက်များ၏ ကောင်းကျိုးဆိုးဖြစ်


တိုက်ရိုက် လင့်ခ်

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးသုံးသပ်ခန်း အစီအစဉ်မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်လို့ပြောရမယ့် လက်ရှိအခြေအနေမှာ Facebook ပေါ် ရေးသားဖေါ်ပြချက်တွေဟာ ကောင်းကျိုးဖြစ်စေသလား အကျိုးယုတ်စေပါသလား။ ဒီလူမှုကွန်ယက် Social Media တွေ မှန်မှန်ကန်ကန် ဖွံ့ဖြိုးရင့်ကျက်လာအောင် ဘယ်သူတွေ ဘာလုပ်သင့်သလဲဆိုတာကို ရုပ်ရှင်အနုပညာသည် အကယ်ဒမီဆွေဇင်ထိုက်၊ NHK မြန်မာသတင်းထောက် ဦးသီဟသွေးတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ မြန်မာ လူမှုကွန်ယက်မီဒီယာတွေရဲ့ အဆင့်အတန်းကို ဒေါ်ဆွေဇင်ထိုက်က အခုလိုစတင်သုံးသပ်ပါတယ်။

ဒေါ်ဆွေဇင်ထိုက် ။ ။ ကျမ က လွန်ခဲ့တဲ့ (၅) နှစ်တုန်းက အမေရိကန်နိုင်ငံမှာ Social Media အကြောင်းကို လာပြီးတော့ ကျောင်းတက်ဖူးပါတယ်။ အဲဒီ လွန်ခဲ့တဲ့ (၅) နှစ်တုန်းကတော့ ကျမတို့ကို Self-respect လည်း ပေးရမယ်။ ဘေးကလူကိုလည်း Respect ပေးရမယ်။ Source of references ကိုလည်း သေသေချာချာ ပြောပြရမယ်။ Plagiarizism မကူးချ ရဘူးဆိုတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုကိုလည်း ဦးစားပေးတဲ့ သင်ကြားမှုနဲ့ ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ကျမတို့တုန်းက Fake Account ဆိုတာ ငွေအလှုခံတာတခုကို သတိထားပါဆိုတာပဲပါတယ်။ ဒါပေမဲ့ အခုကတော့ Fake account နဲ့ မိုက်ရိုင်းတဲ့ comments တွေကို ပေးနေတာ၊ ကျမစိတ်ထဲမှာ ထင်တာပဲ လူတွေက အကြောက်တရားနဲ့ ကြီးလာပြီး၊ အရှက်တရားနဲ့ မကြီးတတ်ဘူး ထင်တာပဲ။ မလုပ်သင့်တာကို လုပ်တာ၊ မပြောသင့်တာကို ပြောတာ ရှက်ဖို့ကောင်းတယ်။ လုပ်သင့်တာကို မလုပ်တာ၊ ပြောသင့်တာကို မပြောတာလည်း ရှက်ဖို့ကောင်းတယ်။ သိပ်ပြီးတော့ ဆုတ်ယုတ်နေတယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အထောက်အကူ ဖြစ်စေတဲ့အပိုင်းကော မရှိဘူးလား။ ကျနော်တို့ အကောင်းမြင်တဲ့အပိုင်းနဲ့ စပြီးတော့ ဆွေးနွေးကြရအောင်ပါ။

ဒေါ်ဆွေဇင်ထိုက် ။ ။ Information တွေကတော့ Share လုပ်ကြတာပဲ။ ကျမဆို Facebook account မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပူစပ်ပူလောင် အသိုင်းအဝိုင်းကြားထဲမှာ မနေချင်ဘူးဆိုပြီး မထားတာပါ။ လူတယောက်ကို အစာအဆိပ်ခတ်လိုက်လို့ရှိရင် စားတဲ့လူတယောက်ပဲ သေတာ။ ဒီဦးနှောက်ကို အဆိပ်ခတ်မိပြီဆိုရင် တမျိုးဆက်လုံး သေတာ။ အဲဒီတော့ ဒီလိုမျိုးနေရာမှာ ကိုယ်တည်းဟူသောအကြောင်းပြုပြီးတော့ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း ပြောတယ်ဆိုကတည်းက အဲဒီလူရဲ့ စိတ်ကလည်း မကောင်းဘူးပေါ့။ နောက် အဲဒီလူမျိုးကလည်း ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွေးရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ Social Media တွေ မြန်မာနိုင်ငံမှာ တိုင်းပြည်အတွက် အခက်အခဲ ကြုံနေရတဲ့ ကာလလို့ဆိုရမယ့် ဒီအချိန်မှာ အထောက်အကူပြုတာတွေများ ရှိပါလား။ အရင်ဆုံး အကောင်းဘက်က ကြည့်ရအောင်ပါ။

ဦးသီဟသွေး ။ ။ ဒီဟာကတော့ ပြောမယ်ဆိုရင် အဆီတဝင်းဝင်း သဲတရှပ်ရှပ်လို ဖြစ်လာပါတယ်။ အထောက်အကူဆိုလို့ အထောက်အကူလေး ရွေးပြောရမယ်ဆိုရင် ကျနော်တို့လို သတင်းသမားတွေအတွက်တော့ Network တွေ အရမ်းကျယ်ပြန့်တယ်။ သတင်းအစအနတွေ၊ သဲလွန်စတွေရဖို့ အင်မတန် လွယ်ပါတယ်။ နောက်တချက်က Network ရှိရင် ရှိသမျှ ကျနော်တို့ရဲ့ နယ်ပယ်ကျုံသွားတယ်။ တယောက်နဲ့တယောက် ရင်းနှီးမှုကလည်း အရမ်းကို ရှိလာတာပေါ့။ အဲဒီတချက်ရယ်။ နောက် စိတ်ဝင်စားဖို့ကောင်းတဲ့ တချက်က မကြာသေးမီက သတိထားမိတဲ့အချက်က ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်က အင်မတန် စာဖတ်နည်းတဲ့ တိုင်းပြည်ဖြစ်တယ်။ စာမဖတ်ကြဘူး။ ကျနော်တို့တိုင်းပြည်မှာ မဂ္ဂဇင်းတို့၊ သတင်းစာတို့ဆိုရင် ရှက်ဖို့ကောင်းလှအောင် Circulation ကလည်း အရမ်းနည်းပါတယ်။ ဆိုတော့ အဲဒီလိုမျိုးရှိတဲ့အနက်ကနေ ဒီလိုမျိုး Social Network တွေ ပေါ်လာတဲ့အခါ မသိမသာ ကျနော်တို့ သတိထားမိတဲ့အချက်က ဘာလဲဆိုတော့ စာဖတ်တဲ့နှုန်း တက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာက ပုံစံအမျိုးမျိုးနဲ့ ဒီပေါ်မှာ တင်ဆက်လာတဲ့အခါကြတော့ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်လို့၊ တခြား Knowledge နဲ့ ပတ်သက်လို့ နိုင်ငံရေး၊ စီးပွားရေး ဒါမျိုးတွေကို ကောင်းမွန်တဲ့ ရှုထောင်ကနေ၊ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးချတာတွေ တွေ့ရတယ်။ တွေ့ရတာတော့ မဆိုးဘူးလို့ ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ မကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် စောစောက ဒေါ်ဆွေဇင်ထိုက် ပြောသလိုပဲ အမုန်းပွားတယ်။ မဟုတ်တဲ့စိတ်တွေ လူတွေကို အဆိပ်သင့်စေတဲ့ အသုံးအနှုန်းတွေ၊ အရေးအသားတွေ လုပ်လာကြတယ်။ ဒါက ပြည်တွင်းပေါ့။ ပြည်တွင်းအသိုင်းအဝိုင်းပေါ်မှာ ရိုက်ခတ်တဲ့ ကိစ္စ။ နောက်တခါ ပြည်ပကလည်း ဒီကိစ္စကြောင့် အထင်အမြင်သေးစရာတွေ အများကြီးဖြစ်လာတာကို တွေ့ရတယ်။ ဆိုတော့ ဒီကိစ္စကို ဘယ်လိုပြုပြင်နိုင်မယ်လို့ ထင်ပါလဲ။

ဒေါ်ဆွေဇင်ထိုက် ။ ။ ကောလဟာလက ကမ္ဘာတပတ်ပတ်ပြီးချိန်မှ အမှန်တရားက တံခါးဖွင့်ထွက်တာလေ။ ဒီစကားလည်း ရှိတယ်။ အဲဒီတော့ လုပ်နိုင်တာကတော့ ဒီအသိုင်းအဝိုင်းကိုပဲ တိုင်တည်ပြီးတော့ ပြန်ရှင်းတဲ့ အလုပ်ပဲ လုပ်ဖို့ရှိတယ်လို့ ကျမ မြင်တယ်။ … ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်မှာတော့ ဦးနှောက်ရှိတဲ့ လူတွေကလည်း ယုံတတ်မှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်သူက တာဝန်ယူပြီးတော့ ဖြေရှင်းကြမလဲ။

ဒေါ်ဆွေဇင်ထိုက် ။ ။ ကာယကံရှင်ကလည်း ဖြေရှင်းပေါ့။ ပြီးတော့ ဘေးကပတ်ဝန်းကျင်ကလည်း Community ကလည်း ဝိုင်းရှင်းပေါ့။ Social Media က နှစ်ခုပဲ လုပ်တာလို့ ကျမထင်တယ်။ တခုက ဘာလဲဆိုတော့ Identity ကျနော် ဘယ်သူပါ။ ကျမ ဘယ်သူပါ။ ကျနော် ဘယ်ရောက် ဘာလုပ်နေတယ်။ ဘယ်ကိုသွားနေတယ်ပေါ့။ နောက်တခုက ဘယ်သူတွေ ဘယ်နားမှာ ရှိနေလဲ။ ပြန်သိရတယ်လေဆိုတဲ့ အဲဒီ Personal ကိစ္စတွေက များနေတယ်။ Comment တွေ ပေးရင်လဲ Personal ground မှာပဲ ပေးတာများတယ်။ Professional ရတာ 20% နဲ့ Personal က 80% လောက် လွှမ်းမိုးနေတာ ဖြစ်တဲ့အတွက်မို့ ကျမတို့က ကာယကံရှင်ကပဲ Encounter ပြန်လုပ်ရမယ်လို့ ထင်တယ်။ အဲဒါကို အသိုင်းအဝိုင်းကနေ ကူညီလိုက်။

ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွေးရဲ့ သဘောကိုလည်း ပြောပါအုံး။

ဦးသီဟသွေး ။ ။ ကျနော်ကတော့ လောလောလတ်လတ် ပူပူလောင်လောင် ခံစားထားရတဲ့ ကိစ္စတွေ ရှိတာပေါ့။ ကျနော်တို့ ရခိုင်ကိစ္စ ဖြစ်တဲ့အခါကြတော့ ဓါတ်ပုံတွေ အတုတွေ သုံးတာတွေ။ မီဒီယာတွေလည်း တိုက်ခိုက်ခံရတော့ ကျနော် သတိထားမိတာက Facebook account ဖွင့်တဲ့ လူတွေက မီဒီယာတွေက ဘယ်သို့ဘယ်ညာ ပြောပြီးတော့ တကယ်တမ်းကြတော့ သူကိုယ်တိုင်က မီဒီယာတခု ဖြစ်နေတယ်ဆိုတာကို မေ့နေတယ်။ ကျနော်တို့က ဒီကိစ္စကို ပြောရမယ်။ ကိုယ်က Facebook account တခု ရှိတယ်။ သူများ Information တခုကို ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဦးနှောက်နဲ့ စဉ်းစားပြီးတော့ Share လိုက်တာနဲ့ သူက မီဒီယာ ဖြစ်သွားပြီ။ သူက မီဒီယာ ဖြစ်နေတယ်ဆိုတာ သူမသိဘူး။ အဲဒီ Awareness တွေ အားလုံးရဖို့လိုတယ်။ ကိုယ့်ကလည်း လူတိုင်းကို မီဒီယာလို့ လက်ညှိုုးထိုးနေမယ့်အစား Facebook သုံးလိုက်တာနဲ့ ကိုယ်လည်း မီဒီယာ ဖြစ်သွားပြီဆိုတဲ့ အသိနဲ့ Media Ethics ကို သိသင့်တယ်။ လိုက်နာသင့်တယ်ဆိုတဲ့ Awareness မျိုးရှိဖို့ ကျနော်တို့ ဝိုင်းကြိုးစားရမယ်။ အထူးသဖြင့် အစိုးရက ဒီကိစ္စကို လမ်းပြပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရကိုယ်တိုင်က ဒီကိစ္စကို ခံစားနေရတယ်။ ဆိုတော့ အစိုးရက ဒီ Social Network နဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို မသိကျိုကျွံပြစ်ထားသလို ဖြစ်နေတယ်။ စိတ်လည်းမပူဘူး။ အမှန်တော့ စိတ်ပူရမယ်။ ကိုင်တွယ်ရမယ်၊ လမ်းပြပေးရမယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အစိုးရရဲ့ မီဒီယာကိုလည်း ပြောစရာ ရှိလာလိမ့်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေက ဘက်မလိုက်တဲ့ မှန်ကန်ခိုင်လုံစိတ်ချရတဲ့ မီဒီယာနဲ့ ဘယ်လောက် အကျွမ်းတဝင် ရှိခဲ့လို့လဲ။ တချိန်တုန်းက မီဒီယာလောကကို အစိုးရက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့တဲ့အချိန်မှာလည်း များသောအားဖြင့် အဖြစ်မှန်ထက် သူတို့ လိုချင်တဲ့ ရှုထောင့်က သူတို့ဝါဒ ဖြန့်ချီရေး။ သူတို့အပြစ်ကို ဖုံးကွယ်တဲ့ ရှုထောင့်က ရေးခဲ့တယ်ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ ဆိုတော့ အစိုးရပိုင်းက အခုအခါမှာ ဘယ်လောက်ပြောင်းလဲလာပြီလဲ။ ဒီ Social Media ကို သူတို့က ထိန်းကွပ်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါလဲ။ ဒေါ်ဆွေဇင်ထိုက် ဆွေးနွေးပါ။

ဒေါ်ဆွေဇင်ထိုက် ။ ။ ကျမကတော့ အခုအခါမှာ ဘယ်သူ့ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူးလို့ ထင်တယ်။ အစိုးရကလည်း မလုပ်ပေးနိုင်ဘူး။ Policy အရ သူပြောတဲ့ ၆၆(ဃ) တွေ ဘာတွေကလဲ မထိရောက်ပါဘူး။ တကယ်တော့ ထိရာတခြား ခုတ်ရာတခြား ကျမ ထင်ပါတယ်။ နစ်နာတာတော့ တကယ်နစ်နာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ရုပ်ရှင်ပွဲတော်တွေလုပ်တာ - လုပ်တဲ့အခါကြတော့ လာတဲ့လူကလည်း မိတ်ဆွေ သတိထားနော် … Security က အရေးကြီးတယ်လို့ ပြောတဲ့လူရှိတယ်။ တချို့ကလည်း ငါ မဆိုင်တော့ဘူး … ဘာဖြစ်လို့လဲဆိုတော့ နင်တို့တိုင်းပြည်က Security ကို စိတ်မချလို့ ပြောတဲ့လူလည်း ရှိတယ်။ နိုဝင်ဘာမှာလုပ်မယ့် ပွဲတော်အတွက်ကို လူသုံးပုံနှစ်ပုံက Turn down လုပ်တာကို ခံနေရတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွေး အမြင်က…

ဦးသီဟသွေး ။ ။ ကျနော်အမြင်ကတော့ ရှင်းပါတယ်။ ဒီ Social Media ကို ခွင့်ပြုမယ်ဆိုရင်တော့ အစိုးရက စဉ်းစားရမယ်။ ကိုင်တွယ်ရမယ်။ ဒီအကျိုးအပြစ်ကို တွက်ပြီးတော့ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို ဥပဒေအရ၊ လူတွေကို Education အရ ပေးတဲ့အလုပ်၊ ထိန်းတဲ့အလုပ် - ထိန်းတဲ့အလုပ်ဆိုတာ ပိတ်ပင်ဖို့ကို ပြောတာမဟုတ်ဘူး - ထိထိရောက်ရောက် အကျိုးရှိရှိသုံးပြီး၊ အကျိုးမရှိတဲ့ဟာမျိုး။ နောက်တခါ ရာဇဝတ်မှု ဖြစ်စေနိုင်တဲ့ဟာမျိုး၊ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေတဲ့ဟာမျိုးတွေကို မသုံးဖို့ စသဖြင့် Eduation ပိုင်းလည်း ပေးရမယ်။ Seminar တွေ လုပ်ရမယ်။ ဒီအပေါ်မှာ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေလုပ်ပြီး ဥပဒေရေးဆွဲသင့်တာ ရေးဆွဲမယ်။ ပညာရေးနယ်ပယ်မှာလည်း စပြီးတော့ ကျောင်းမှာ ဘယ်လိုသင်မလဲ။ အဲဒါမျိုးတွေကို အစိုးရဘက်က ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါပတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကျနော် စဉ်းစားကြည့်တယ်။ ဒေါ်ဆွေဇင်ထိုက် ပိုပြီးတော့ သိမယ်ထင်ပါတယ်။ နိုင်ငံတကာမှာ Social Media သုံးတဲ့ဟာတွေ။ ကျနော်တို့တွေက အင်္ဂလိပ်လိုသုံးတဲ့ Social Media ပဲ ကြည့်ဖူးတယ်။ တခြား Language တွေတော့ သိပ်မသိပါဘူး။ ကျနော် သိသလောက်တော့ အနစ်သာရရှိတဲ့ ဝေဖန်သုံးသပ်မှုတွေ ပိုတွေ့ရပြီးတော့ ဒီလို နင်မဲငါစ ပြောကြတာ။ ဆဲဆိုတာတော့ နည်းနည်းတော့ ရှိတယ်။ မြန်မာ Social Media တွေမှာလောက် မများဘူးလို့ ထင်ပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ ဒီလို ဖြစ်နေရတာကိုက လူမျိုးရဲ့ စရိုက်သဘာဝလား။ ဓလေ့လား။ Society တခုလုံးရဲ့ ဓလေ့လား။ သို့တည်းမဟုတ် ခံပြင်းပေါက်ကွဲစရာတွေကြောင့်လား။ ကျနော်တို့ ငယ်ငယ်တုန်းက ဘောလုံးပွဲသွားပြီးတော့ အိမ်မှာအဆင်မပြေတာ သွားဆဲတယ် ဘာညာ မကြာခဏ ပျက်လုံးထုတ်ကြတာကို ဖတ်ဖူးပါတယ်။ အဲဒီလိုများ ပေါက်ကွဲနေကြတာလား။ ဓလေ့လားဆိုတာ ဒေါ်ဆွေဇင်ထိုက် ဘယ်လို သုံးသပ်လိုပါလဲ။

ဒေါ်ဆွေဇင်ထိုက် ။ ။ ကျမကတော့ Cultural Shock ရနေတယ်လို့ မြင်တယ်။ အရင်တုန်းက မပြောမဆိုဘဲနဲ့ နေနေတာကနေ အခု ပြောခွင့်ဆိုခွင့် ရတဲ့အခါကြတော့ အတိုင်းအဆမရှိ ပေါက်ကွဲထွက်ကုန်တယ်လို့ ထင်တယ်။ အဲဒါ သူတို့ရဲ့ ဦးနှောက်ထဲကို ပြန်ပြီးတော့ ကိုယ်ပြောတဲ့စကားကို ကိုယ်ပြန်တာဝန်ယူပြီးတော့ ကိုယ့်ကိုယ်ကို အရှက်တရားနဲ့ နေကြအောင် လေ့ကျင့်ပေးရမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လွတ်ပေးလိုက်တဲ့ လွတ်လပ်မှုနဲ့ မတန်သေးဘူးဆိုတဲ့ သဘောပေါ့။

ဒေါ်ဆွေဇင်ထိုက် ။ ။ အဲဒီလို ပြောရမလား မသိဘူး။ အရိုက်ခံရတော့မယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွေးလည်း ဆွေးနွေးပါအုံး။ လူမျိုးဓလေ့လား။ သို့တည်းမဟုတ် ပေါက်ကွဲနေကြတာလား။

ဦးသီဟသွေး ။ ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အင်မတန် သနားဖို့ကောင်းတယ်။ အင်မတန် အငုံစိတ်နဲ့ ကြီးပြင်းလာတယ်။ သူတို့မှာ ပေါက်ကွဲချင်တာတွေ၊ ပြောချင်တာတွေ၊ ဖောက်ထုတ်ချင်တာတွေ ရှိတယ်။ အဲဒီလို အခွင့်အရေးပေးတဲ့ Social Network ပေါ်က အနေအထားမျိုးမှာ Account အတုတွေလုပ်မယ်။ သူတို့ပြောချင်တာတွေ ညစ်တီးညစ်ပတ်တွေ ပြောချင်လည်းပြောမယ်။ တခြားဟာတွေလည်း ပြောချင်ပြောမှာပေါ့။ ဝင်ဆဲရင်လည်း ဆဲမှာပေါ့။ ဒါမျိုးတွေလုပ်တယ်။ ကျနော်တို့လူ့အဖွဲ့အစည်းက ပွင့်ပွင့်လင်းလင်းပြောရင် မသန်စွမ်းဘူး။ သူတို့မှာ သန်သန်စွမ်းစွမ်းနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ကြီးပြင်းလာရတာ မဟုတ်ဘူး။ အဲဒီလိုဖြစ်လာအောင် ကျနော်တို့ လုပ်ရင်တော့ ဖြည်းဖြည်းနဲ့ Social Network ပေါ်မှာ ဖြစ်နေတဲ့ ဆိုးကျိုးတွေက လျော့ကျလာလိမ့်မယ်။ သိက္ခာတွေ၊ အရှက်တရားတွေကို ထိန်းသိမ်းလာလိမ့်မယ်။ အကျိုးရှိတဲ့စကားကိုပဲ ပိုပြီးပြောလာလိမ့်မယ်။ ဒီလိုဖြစ်ဖို့တော့ ကျနော်တို့ကတော့ အသိုင်းအဝိုင်းကလည်း ထိန်းရမယ်။ ပညာရေးအရလည်း ထိန်းရမယ်။ အားလုံးဝိုင်းထိန်းမှ ရပါမယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကို ဆရာသီဟသွေးက ပြောသွားပြီဆိုတော့ ဒေါ်ဆွေဇင်ထိုက်ကို မေးချင်ပါတယ်။ မြန်မာ Social Media ရဲ့ အလားအလာကို ဘယ်လိုမြင်ပါလဲ။ ရှေ့မှာပိုပြီး ရင့်ကြတ်လာမယ် ထင်သလား။ အဲဒီလို ရင့်ကြတ်လုပ်ရမယ့် ပညာရေးအသိုင်းအဝိုင်း၊ လူမှု့အသိုင်းအဝိုင်းထဲမှာ ဒေါ်ဆွေဇင်ထိုက်တို့လို တိုင်းပြည်ရဲ့ Role Model ဖြစ်တဲ့ နိုင်ငံကျော်အနုပညာရှင်တို့ရဲ့ အခန်းကဏ္ဍလည်း ဘယ်လောက် အရေးကြီးသလဲဆိုတာကို နည်းနည်းပြောပေးပါ။

ဒေါ်ဆွေဇင်ထိုက် ။ ။ ကျမတို့ အနုပညာရှင်ဆိုတာ ပြည်သူကို ဦးဆောင်ရတဲ့လူတွေပါ။ Message တခုခုကို ပေးနေရတယ်။ အဲဒီတာဝန်ကို ယူရမယ့်လူတွေ ဖြစ်တယ်။ အခု ကျမတို့ ရုပ်ရှင်ကားတွေထဲမှာ ကြည့်လိုက်မယ်ဆိုရင် Social Media နဲ့ ပတ်သက်လို့ ရယ်စရာ မောစရာတွေနဲ့ ရိုက်လို့ရှိရင်တောင်မှ တယောက်နဲ့တယောက် အမုန်းပွားစရာတွေပါနေတယ်။ ဒါက ကျမတို့ တာဝန်မဲ့တာ။ ကျမတို့ အနုပညာရှင်တွေအနေနဲ့ ဒီကိစ္စကို တတ်နိုင်သလောက် ဝင်ရောက်ပြီးတော့ ဖြေရှင်းပေးဖို့လိုတယ်။ တာဝန်ရှိတယ်လို့ မြင်ပါတယ်။

XS
SM
MD
LG