သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ဒုက္ခရောက်သူတွေကို မခွဲခြားဘဲ တန်းတူကူညီမည်ဟု လူကယ်ပြန်ဝန်ကြီးဆို


အလှူရှင် နိုင်ငံများနဲ့ Red Cross Movement အစည်းအဝေး စက်တင်ဘာ ၄ ၊ ၂၀၁၇ (သတင်းဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)
အလှူရှင် နိုင်ငံများနဲ့ Red Cross Movement အစည်းအဝေး စက်တင်ဘာ ၄ ၊ ၂၀၁၇ (သတင်းဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူအားလုံးကို လူမျိုးဘာသာမခွဲခြားပဲ နိုင်ငံတကာရဲ့အကူအညီတွေကို လွှမ်းခြုံအကူအညီပေးနိုင်ဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့-မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တွေ အားလုံးပူးပေါင်းပြီး Red Cross Movement အစီအစဉ်နဲ့ ကူညီထောက်ပံ့ပေး သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးရမှုအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ အသက်ဆုံးရှုံးရသူတွေအတွက် မိသားစုနစ်နာမှုတွေကိုလည်း ကူညီထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်ဒေသက ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒုက္ခရောက်ရသူ အကူအညီလိုအပ်နေသူအားလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို Red Cross Movement ကြက်ခြေနီလှုပ်ရှားမှုနဲ့ ကူညီထောက်ပံ့မှုတွေကို ထိရောက်အောင်အကောင်အထည်ဖော်သွားဖို့ အစိုးရက စီစဉ်နေကြတာဖြစ်ပါတယ်။

လုံခြုံရေးစိုးရိမ်နေရဆဲ ဒေသတွင်း နယ်မြေအနေအထားကြောင့် အလှူပစ္စည်းတွေကို လိုအပ်သူတွေလက်ထဲ အရောက်သွားနိုင်အောင် ရခိုင်ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာလုံခြုံရေးတာဝန်ခံတွေနဲ့အတူ နိုင်ငံတကာကြက်ခြေနီအဖွဲ့ International Committee of the Red Cross (ICRC) ၊ လခြမ်းနီအဖွဲ့ The International Federation of Red Cross and Red Crescent Societies (IFRC) နဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့နဲ့အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပူးပေါင်းပြီးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းက အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်ရတဲ့ ဒုက္ခသည်တွေ လူမျိုးဘာသာမရွေး အခက်အခဲကြုံနေရသူအားလုံးကို Red Cross Movement ကြက်ခြေနီလှုပ်ရှားမှုရဲ့အစီအစဉ်နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးနိုင်အောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြတဲ့အကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သြဂုတ်ဖြစ်ပြီးတဲ့အချိန် 27 ကစပြီးတော့ ကျနော်တို့ အစိုးရအဖွဲ့က ရောက်သွားတယ်။ ရောက်သွားပြီးတော့ ကူညီထောက်ပံ့မှုတွေ စလုပ်တာပေါ့နော်။ တကယ်အားလုံးကိုလွှမ်းခြုံဖို့ မျှမျှတတ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ၊ ဒီအကုန်လုံးကို လွှမ်းခြုံနိုင်မယ့် Red Cross Movement ဆိုတာကို ကျနော်တို့ ဆောင်ရွက်တယ်။ ဆောင်ရွက်တော့ ဒီ Red Cross Movement နဲ့ ပတ်သက်ပြီး သူက ၃ ခုပါတယ်။ MRCS ဆိုတာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ ဖြစ်ပါတယ်။ MRCS ၊ ICRC ၊ IFRC ဆိုတဲ့ ၃ ဖွဲ့ ပေါင်းတော့မှ Red Cross Movement ဖြစ်တာ။ အဲဒီ့ Red Cross Movement အတွက်ကို ဆောင်ရွက်ဖို့ဆို နိုင်ငံတကာ အလှူရှင်နိုင်ငံတွေ ပေါ်ပေါက်လာတယ်။ အဲဒီ အလှူရှင်နိုင်ငံတွေနဲ့ Red Cross Movement အဖွဲ့ဝင် ၃ ဖွဲ့နဲ့ ကျနော်တို့ အစိုးရနဲ့ ဆွေးနွေးကြပြီးတော့ ဒီ Red Cross Movement ရဲ့ လှုပ်ရှားမှုကို စပြီးတော့ အကောင်အထည်ဖော်တယ်။”

အစိုးရက ဦးဆောင်ပြီး ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုကူညီပေးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ့် ဒီကြက်ခြေနီလှုပ်ရှားမှုမှာတော့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ သြစတြေးလျ၊ ဗြိတိန်၊ ဒိန်းမတ်၊ အမေရိကန်ပြည်ထောင်စုက သံရုံးတွေက သံအမတ်ကြီးများ၊ EU ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးမှတာဝန်ခံတွေနဲ့ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တွေပါ ပါဝင်ဆောင်ရွက်ကြတာဖြစ်ပါတယ်။

ဒီ Red Cross Movement မှာ ကြက်ခြေနီအဖွဲ့ကလည်း နိုင်ငံတကာကျင့်ထုံး ကျင့်ဝတ်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်နေကြသလို နယ်မြေလုံခြုံရေးစိုးရိမ်နေရဆဲမို့ ဒေသတွင်းသွားပေးပို့လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတဲ့အကြောင်း ဝန်ကြီးကပြောပါတယ်။

“အကောင်အထည်ဖော်တဲ့ နေရာမှာ တချို့ အခက်အခဲတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခက်အခဲတွေကို ကျော်လွှားဖို့အတွက်ဆိုပြီးတော့ ဒါ ပြည်နယ်အစိုးရနဲ့ရော ပြည်ထောင်စု အစိုးရနဲ့ရော Red Cross အဖွဲ့နဲ့ရော သေချာအကြေအလည်ဆွေးနွေးပြီးတဲ့အခါကျတော့ standard operation procedure ဆိုတာ၊ အစိုးရကနေ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်။ သူတို့က သွားလို့ရှိရင် Red Cross Movement ရဲ့ ကျင့်ထုံးအတိုင်း ဘယ်လိုဆောင်ရွက်ရမယ်။ Red Cross ရဲ့ နိုင်ငံတကာမှာ ကျင့်ထုံးအတိုင်း အဲဒီလိုမျိုး ဘယ်လိုဆောင်ရွက်မလဲပေါ့။ အဲဒါမျိုးဆောင်ရွက်နိုင်ဖို့အတွက်ကို ကျနော်တို့က ပေါင်းစပ်ညှိုနှိုင်းတာတွေ၊ ပြန့်ပြန့်နှံ့နှံ့ ဖြစ်အောင်ဆိုပြီးတော့ အခု ကြိုးစားဆောင်ရွက်နေတယ်။ အဓိက အရေးကြီးတာကတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ လိုလာတာ။ အဲဒီတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုက အင်မတန် လိုတယ်။ အဲဒီတော့ တချို့ သွားဖို့ လာဖို့ ဆိုရင် နယ်မြေလုံခြုံရေးနဲ့ ပတ်သက်လို့ စိတ်ချရအောင် ဆိုပြီးတော့ ဒီလုံခြုံရေးတွေကနေ ဆောင်ရွက်ပေးရတဲ့ ကိစ္စတွေလည်း ရှိတယ်လေ။ အဲဒီတော့ လုံခြုံရေးက ဆောင်ရွက်ပေးတဲ့ ကိစ္စ မရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားရင် အန္တရာယ်ရှိတယ်။ အန္တရာယ်ရှိတယ်ဆိုတာက ဒီလိုမျိုးလေ။ တားဆီးတာတို့ တစ်ခုဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီလိုမျိုးတွေ ကြုံနိုင်တာပေါ့။ သွားရလာရတာ အဆင်မပြေတာတို့။ ဒါတွေ ရှိတာပေါ့။ အမှန်မှန်တော့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ သဘောတူတဲ့ထဲမှာ အားလုံးက ဒီနေ့ ဘယ်နှ နေရာသွားမယ် ဆိုလို့ရှိရင် ဒီနေရာတွေအတွက် ကို လုံခြုံရေးတွေ ရှိတယ်။ ဒါတွေ လုပ်ပေးထားမယ်။ အဲဒီမှာ ပေးတာတော့ လွတ်လွတ်လပ်လပ်ပဲ ကိုယ့်ဘာကိုယ်ပေးတာ။ ဒါပေမယ့် သွားလို့လာလို့ အဆင်ပြေအောင်ဆိုပြီးတော့ လုပ်ပေးရတယ်၊ ညှိုနှိုင်းပေးရတယ်။ ဒါ အင်မတန် အရေးကြီးပါတယ်။ ”

ဒါ့အပြင် ရခိုင်မြောက်ပိုင်းဒေသတွင်း ARSA အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပျက်စီး ဆုံးရှှုံးမှုများကို ပြန်လည် ထူထောင်ရေး နဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ စနစ်ကျတဲ့ စီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရေးရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးနေကြတဲ့အကြောင်း ဝန်ကြီးကပြောပါတယ်။

“ဒီလူနည်းစု တိုင်းရင်းသား - ရခိုင် တိုင်းရင်းသား အပါအဝင် - အခြား အဲဒီထက်နည်းတဲ့ လူနည်းစုလေးတွေ ရှိတယ်။ မြိုတို့ ဒိုင်းနက်တို့ ခမီတို့ စသဖြင့် သက်တို့ ပေ့ါနော်။ ဒါတွေလည်း အင်မတန်ကို ဆုံရှုံးတာတွေ ရှိခဲ့တယ်။ အသတ်ခံရတာတွေ ရှိခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ဒီ ကူညီပံ့ပိုးမှုတွေကို ဆောင်ရွက်ရမယ့်နည်းလမ်းအတိုင်း ကျနော်တို့ ကူညီပံ့ပိုးတာတွေ အပြည့်အဝလုပ်တယ်။ ရေရှည်လည်း သူတို့ရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေအတွက်ကို ကျနော်တို့ ဆောင်ရွက်ရမယ့်ကိစ္စတွေလည်း လုပ်မှာပါ ခင်ဗျာ။ ဒီ နိုင်ငံတကာက အလှူရှင်တွေ လှူတာတွေ ရှိတယ်လေ။ နိုင်ငံတကာအလှူရှင်တွေက ပစ္စည်းလှူတယ် ငွေလှူတယ်။ ဒါတွေကို စနစ်တကျ ရောက်ရှိဖို့အတွက် အစိုးရကနေ စီစဉ်ဆောင်ရွက်ပေးရတာ ရှိတယ်။ နောက်ပြီးတော့ ဒီအလှူရှင်တွေက Red Cross Movement ထဲကို တိုက်ရိုက်လှူတာတွေရှိတယ်။ ဒါတွေ ပြန့်ပြန့်နှံ့နှံ့ ရောက်ရှိအောင် ဆောင်ရွက်နေတာပေါ့။ ”

ကြက်ခြေနီအသင်းတွေက ပူးပေါင်းကူညီဆောင်ရွက်ပေးနေတဲ့ ဒီ Red Cross Movement အတွက် အလှုူရှင်တွေကတော့ ဒေသတွင်းက အာဆီယံနိုင်ငံတွေအပါအဝင် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံကြီးတွေကလည်း အလှူငွေတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့လှူဒါန်းကြတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG