ဘူးသီးတောင် မောင်တောဒေသတွင်းက မူဆလင်ကျေးရွာတွေက ရွာသား တသောင်းခုနှစ်ထောင်ကျော်ဟာ လုံခြုံရေး စိုးရိမ်ရပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နှစ်နိုင်ငံနယ်စပ်ကို စုပြုံရောက်ရှိနေကြတယ်လို့ မြန်မာအစိုးရ သတင်းပြန်ကြားရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံ လိုက်ရတဲ့အတွက် လတ်တလောအခြေအနေမှာ နေစရာ စားစရာအခက်အခဲနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ရာနဲ့ချီတဲ့မူဆလင်ကျေးရွာသားတွေ ထွက်ခွာသွားနေကြတာဖြစ်တယ်လို့ မူဆလင်ကျေးရွာသားတဦးကလည်း ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း ရခိုင်အပါအဝင် တိုင်းရင်းသားတွေကလည်း ထပ်ပြီးအကြမ်းဖက်တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာအနေအထားရှိနေဆဲပဲလို့ ရခိုင်ဒေသခံကဆိုပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောဒေသနဲ့ ဘူးသီးတောင်မြို့နယ်တွင်းက မူဆလင်ကျေးရွာတွေက ရွာသား တစ်သောင်းခုနှစ်ထောင်ကျော် (၁၇,၀၁၃)ဦး ဟာမြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကို အစုလိုက်အပြုံလိုက် ရောက်ရှိနေကြတယ်လို့ အစိုးရက အောက်တိုဘာ ၅ရက်နေ့က သတင်းထုတ်ပြန်ထားတာပါ။ ဒီမူဆလင်ကျေးရွာသားတွေဟာ သူတို့အတွက် စားဝတ်နေရေးနဲ့ ကျမ်းမာရေး အခက်အခဲကြောင့်ရော နောက် ကျေးရွာတွေမှာ လုံခြုံမှုမရှိတော့ဘူးလို့ ယူဆရတဲ့အတွက်ကြောင့် ရော ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာလာဖို့ ဆက်သွယ်ခေါ်ယူမှုတွေကြောင့် ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အိမ်နီးချင်းဘင်္ဂလားဘက်ခြမ်းကို အသုတ်လိုက် ထွက်ခွာနေကြတဲ့အတွက် မောင်တော အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က နယ်စပ်ကိုရောက်နေတဲ့ သောင်းချီတဲ့ မူဆလင်ကျေးရွာသားတွေကို သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ အစိုးရကထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြထားပါတယ်။
မောင်တောဒေသထဲက ရာချီတဲ့ မူဆလင်ကျေးရွာတွေက ရွာသားတွေ ထွက်ခွာနေကြပြီး ကျေးရွာ ဆယ်ဂဏန်းလောက်ပဲ ကျန်တော့တယ်လို့ မြို့သူကြီး မူဆလင်ကျေးရွာသား တဦးဖြစ်တဲ့ ကိုလှထွန်းကပြောပါတယ်။ အဓိကကတော့ စားဝတ်နေရေးအခက်အခဲနဲ့ သူတို့ရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အနေအထားကြောင့် အခုလိုမျိုး လုံခြုံစိတ်ချရမယ်လို့ယူဆတဲ့တဘက်နိုင်ငံကို တိမ်းရှောင်သွားနေကြ တာဖြစ်တယ်လို့လည်း ကိုလှထွန်းကပြောပါတယ်။
“ကျနော်တို့ မောင်တောမှာကျတော့ ၁၀၀ ကျော်ပါတယ်။ အဲဒါကနေ အခု ၁၀ ရွာလောက်ပဲ ကျန်နေတယ်။ တခြားဟာတွေက အကုန် ဟိုဘင်္ဂလားဖက်ကို ကူးသွားပြီ။ ဒီမှာက ရွာတွေကို မီးရှို့ပစ်တယ်။ သူတို့ ရွာတွေကို မီးရှို့ပစ်တယ်။ အဲဒီလိုကျတော့ သူတို့က နေလို့မှမရတာ။ နေလို့မရတော့ သူတို့ ထွက်ပြေးကြတာပေါ့။ ရာနဲ့ချီ ရှိတဲ့ထဲမှာ အခုက နည်းနည်းပဲ ကျန်နေတယ်။ မြို့ပေါ်လောက်ပဲ ကျန်နေတယ်။”
အထူးသဖြင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲရှိတဲ့ ကျေးရွာတွေနဲ့ နယ်စပ်နားက နေရာတွေက မူဆလင်တွေအတွက် စိုးရိမ်စရာ အနေအထား ရှိနေပေမဲ့လို့ မောင်တောမြို့ပေါ်တွေမှာတော့ မူဆလင်တွေဟာ လုံခြုံရေး သိပ်မစိုးရိမ်ရဘူး လို့လည်း မောင်တောမြို့မှာ လတ်တလောနေထိုင်နေတဲ့ မြို့သူကြီးကျေးရွာသား ကိုလှထွန်းကဆိုပါတယ်။
“အကုန်လုံးနီးပါး ကုန်သွားပြီဆိုတော့ ဒီမှာ သူတို့မှာလည်း လုပ်စရာလည်း မရှိတော့ဘူး။ ကျနော်တို့ မြို့ပေါ်မှာပဲ အဲဒီလို နည်းနည်း နည်းနည်း ကျန်နေတာ။ ရခိုင်တွေနဲ့ ရောပြီးတော့ နေတယ်ဆိုတော့ ၊ ဒါပေမယ့် သက်သက်နေတဲ့ ကျနော်တို့ရွာတွေက မရှိသလောက် ဖြစ်သွားပြီ မောင်တောမှာ။
မေး။ အဲဒီတော့ အဲဒီမှာ ကိုလှထွန်းတို့ တချို့ ကျန်ခဲ့တဲ့ ၁၀ ရွာလောက်ထဲက ဒီလူနည်းစုတွေကရော သူတို့က ဘာကြောင့် ဒီနယ်မြေကနေ မထွက်ကြတာလဲ။ သူတို့ကရော ဘာလို့ ဒီမှာ ဆက်နေတာလဲ။ ဟိုဖက်ကို သွားဖို့ ဘယ်လိုအနေအထား ရှိလို့ပါလဲ။
ဖြေ။ ဟိုဖက်သွားရင်လည်း တော်တော်ဒုက္ခရောက်နေတယ်လို့ ကြားလည်းကြားနေရတယ်၊ မြင်လည်း မြင်နေရတယ်။ ဒါပေမယ့် နယ်ဖက်က လူတွေကျတော့ ဘယ်လိုပြောရမလဲ၊ သူတို့ ရွာတွေလည်း မီးရှို့ခံရပြီးပြီ။ သူတို့မှာ စားဝတ်နေရေးကအစ၊ လုံခြုံရေးကအစ တစ်ခုမှာ အဆင်မပြေဘူး။ ဒါပေမယ့် ဒီဖက်မှာ ဘူးသီးတောင်က လူတွေ နေ့တိုင်း အဲလို ကူးလာတာရှိတယ်။ တောင်တွေဘာတွေ ကျော်ပြီးတော့လေ ကူးလာတာရှိတယ်။ အခုကလည်း နေစရိတ်ပေးထားတာလည်း ၃ ရက်လောက်ရှိပြီ။ ပြီးတော့ လူတွေက ဒီမှာ ဟိုဖက်လည်းမသွားနိုင်ဘူး၊ ဒီဖက်လည်း မသွားနိုင်ဘူး ဖြစ်နေတယ်။ အဲဒီလိုလူတွေလည်း အများကြီးရှိနေတယ် ဒီဘူးသီးတောင်က လူတွေ။”
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင်းမှာ လူတိုင်း ဘေးကင်းလုံခြုံစွာ စိတ်ချလက်ချနေထိုင်နိုင်ရေးက နယ်မြေတွင်း တရားဥပဒေစိုးမိုးမှုရှိဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ဦးတင်ငွေက ပြောပါတယ်။
“ကျနော်တို့ မြင်တာကတော့လေ အဓိကက တရားဥပဒေစိုးမိုးမှု လိုတယ်ပေါ့ဗျာ။ အဲဒီလိုဆိုရင် ပြဿနာလည်း ကြီးထွားဖို့ မရှိနိုင်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ ဖြစ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်ဆိုတာကလည်း နိုင်ငံတစ်ခုမှာ ဒေသတစ်ခုအနေနဲ့ တည်ငြိမ်အေးချမ်းဖို့က နံပါတ် ၁ အရေးကြီးပါတယ်။ တည်ငြိမ်အေးချမ်းဖို့ အတွက်က တရားဥပဒေစိုးမိုးမှု ရှိဖို့ လိုပါတယ် ခင်ဗျ။”
ဘူးသီးတောင်မြို့နယ်တွင်းက ဒုက္ခသည်တွေအရေး ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားဦးသန်းနိုင်ကတော့ ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြား ဒေသခံရခိုင်တိုင်းရင်းသားတွေအပါအဝင် တခြားတိုင်းရင်းသားတွေမှာလည်း လုံခြုံရေးအခက်အခဲနဲ့ နေစရာစားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဘူးသီးတောင် မောင်တော စစ်တွေ မင်းပြား ပုဏ္ဏားကွန်း ကျောက်တော် မြောက်ဦးမှာ ကျနော်တို့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေ အခုထက်ထိအောင် ရှိနေဆဲပါ။ မောင်တောမြို့ မြောက်ပိုင်းဖက်က ကျနော်တို့ တိုင်းရင်းသားတွေဆီ တစ်ယောက်မှ မသွားသေးဘူး။ ပြန်လည်နေရာချထားရေးဆိုတာကလည်း သူတို့ ပါးစပ်ထဲကပဲ ပြောနေတာ။ လက်တွေ့မှာ အကောင်အထည်ဖော်တာ တစ်ခုမှ မရှိသေးဘူး ခင်ဗျ။”
ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုအချိန်အထိ ရိုဟင်ဂျာဒုက္ခသည်တွေ ဆက်လက် ထွက်ပြေးနေကြဆဲ ဖြစ်တာကြောင့်၊ အရေးပေါ် အကူအညီပေးနိုင်အောင် ပြင်ဆင်ထားဖို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးလာနေဆဲဖြစ်ပြီး ခန့်မှန်းချေ အနည်းဆုံး လူဦးရေ ၅၀၀,၀၀၀ ကျော်လောက်ရှိနေကြောင်း ကုလသမဂ္ဂက မနေ့ က ထုတ်ပြန်ကြေညာပါတယ်။ ဒါ့အပြင် အသစ်ရောက်လာတဲ့ ဒုက္ခသည်ဦးရေ သန်းတဝက်ကျော်ကို အကာအကွယ်ပေးဖို့၊ နေရာထိုင်ခင်းပေးဖို့၊ မိလ္လာနဲ့ ရေသန့် စတာတွေကို ကူညီထောက်ပံဖို့အတွက် UNHCR အပိုင်းကနေ အရေးပေါ်ထောက်ပံဖို့ လိုအပ်နေတယ်လို့ ကုလက သတင်းထုတ်ပြန်ထားပါတယ်။