သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ တည်ငြိမ်ရေး အစိုးရကိုင်တွယ်မှု တရုတ်ထောက်ခံ


Guo Yezhou, တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီး
Guo Yezhou, တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီး

မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်ရေး တရုတ်အနေနဲ့ အဓိကအလေးထားအားပေးသလို အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်အရေး ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုန်းသုတ်သင်နေတယ်လို့ နိုင်ငံတကာက ဝေဖန်ပြစ်တင်နေတာမျိုး တရုတ်ကတော့ လိုက်လုပ်မှာမဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံး ငြိမ်းချမ်းတည်ငြိမ်ရေး တရုတ်နိုင်ငံအနေနဲ့ အဓိကအလေးထားအားပေးသလို အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသုတ်သင်နေတယ်လို့ နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန်ပြစ်တင်နေတာမျိုး တရုတ်ကတော့ လိုက်လုပ်မှာမဟုတ်ဘူးလို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီးက ပြောဆိုသွားပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ (၁၉) ကြိမ်မြောက် ကွန်မြူနစ်ပါတီ ညီလာခံ ကျင်းပနေတဲ့အချိန် ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာအစိုးရအပေါ် တရုတ်အစိုးရရဲ့ အခုလိုရပ်တည်ချက် သဘောထားနဲ့ပတ်သက်လို့ သုံးသပ်ချက်အမြင်တွေကိုတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက အဓိက အလေးထား အားပေးသလို၊ လက်ရှိ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရိုဟင်ဂျာ မူဆလင်တွေအပေါ်မှာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေ ဖြစ်နေတယ်ဆိုတဲ့အထိ နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ဝေဖန်နေတာတွေမျိုး တရုတ်ဘက်ကတော့ လိုက် လုပ်မှာမဟုတ်ဘူးလို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီး Guo Yezhou က ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျနော်တို့ ရှုတ်ချပါတယ်။ ဒီဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိအောင် မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ်မှာ ကျနော်တို့ နားလည် ထောက်ခံပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်းက ဘယ်ခရိုင်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ငြိမ်းချမ်း တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီသီတင်းပတ်ထဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ (၁၉) ကြိမ်မြောက် ကွန်မြူနစ်ပါတီ ညီလာခံ ကျင်းပနေတဲ့အချိန် ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီး Guo Yezhou က ပြောသွားတာပါ။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မြန်မာပြည်ရခိုင်အရေးနဲ့ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာလို ဖိအားပေးတဲ့ပုံစံနဲ့မဟုတ်ပဲ အခုလိုရပ်တည်ပေးနေတာဟာလည်း ရခိုင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့်အပါအဝင် တရုတ်နိုင်ငံမှာလည်း လူမျိုးဘာသာရေး ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အလားတူ အတွေ့အကြုံတွေရှိခဲ့တာကြောင့်ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေးအကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“အခု ဗမာပြည်အကြောင်းကို အခုလိုပြောတာက အကြောင်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ဟာ သူ့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေကြားမှာ ခေတ်နောက်အကျဆုံးနဲ့ အခက်ခဲဆုံးဖြစ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရေးအရလည်း တည်ငြိမ်မှုမရှိဘူး၊ စီးပွားရေးအရလည်း တိုးတက်မှုမရှိဘူး ဖြစ်နေတယ်။ ဒါဒီတော့ သူတို့ရဲ့ အနေအထားက ငြိမ်းချမ်းစွာ ဖွံံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ အထူးသဖြင့် သူ့ အိမ်နီးနားချင်းကိစ္စတွေမှာ။ ဗမာပြည်နဲ့ပတ်သတ်လို့ သူတို့ သိပ်စိတ်ဝင်စားရတဲ့အကြောင်းက ဒီရခိုင်အရေးနဲ့ပတ်သက်လို့ ဘာဖြစ်လို့ တရုတ်က ဒီလောက်တောင် ကူညီနေကြသလဲဆိုတော့ ရခိုင်မှာက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက တော်တော်များတယ်။ နောက်တစ်ခုက ရခိုင်ပြည်အရေးမှာ တကယ်တော့ အကြမ်းဖက်သမားတွေရဲ့ ဒုက္ခကို ခံရရဲ့သားနဲ့ အကြမ်းဖက်ဝါဒကို အဓိက မပြောဘဲနဲ့ ဗမာပြည်အစိုးရအပေါ်မှာ အမျိုးမျိုး ဖိအားပေးနေတာကို သူတို့က သိပ်မကြိုက်ဘူး။ သူတို့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာလည်း ဒီလို ကိုယ်ပိုင်အတွေ့အကြုံရှိတယ်။ တရုတ်ပြည်နယ်ရဲ့ Xingiang အရေးအခင်းဆိုပါတော့ - Xingiang မှာက မူဆလင်အများစု၊ မူဆလင်တွေရဲ့ အကြမ်းဖက်ဝါဒတွေ သူတို့ တော်တော်ခံရတယ်။ သူတို့ ခံရတုန်းကလည်း အနောက်နိုင်ငံကပဲ ဖြစ်ဖြစ်၊ Amnesty International တို့ကပဲ ဖြစ်ဖြစ် အကြီးအကျယ်ဝိုင်းပြောတာ ခံရဖူးတယ်။ တစ်ဖက်ကလည်း ဖိနှိပ်တယ်၊ တစ်ဖက်ကလည်း အဲဒီ မူဆလင်တွေကို၊ Xingiang ဒေသကို အထူးဖွံ့ဖြိုးအောင် လုပ်တယ်။ အဲဒီနည်းနဲ့ သူတို့က သူတို့နိုင်ငံမှာ အကြမ်းဖက်ဝါဒကို တစုံတရာထိန်းနိုင်အောင်လုပ်နိုင်တဲ့အတွက် သူတို့က အဲဒီအတွေ့အကြုံကို ယူပြီး ဗမာပြည်ကိုလည်း သူတို့ ကူညီနိုင်တယ်လို့ တွက်ပုံရတယ်။ ဒါကြောင့်မို့လည်း ဒီစကားတွေ ပြောတာပါ။”

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအပြောင်းအလဲ အစိုးရအဆက်ဆက် နိုင်ငံတကာရဲ့ဖိအားတွေကို တရုတ်ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တဲ့ သဘောထားကတော့ မပြောင်းလဲသလို ဒေသတွင်း တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအတွက်လည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးချစ်ကြည်မှုကို ခိုင်မာအောင်တည်ဆောက်နေတဲ့သဘောထားဖြစ်တယ်လို့လည်း ဒေါ်လှကျော်ဇောက ပြောပါတယ်။

“သမ္မတ ရှီကျင့်ဖျင် ရဲ့ မိန့်ခွန်းမှာကိုက ပါပြီးသားပါ။ ဒီအိမ်နီးနားချင်းကောင်းတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံရေးဆိုတာ ပါပြီးသား။ နောက်တစ်ခုက သူက နဝတ နအဖ ခေတ်တုန်းကတောင်မှ ဗမာအစိုးရဖက်က သူက ရပ်တည်ခဲ့တာပဲလေ။ အဲဒီတုန်းက ကုလသမဂ္ဂတို့က ဝိုင်းပိတ်ဆို့တာ၊ အနောက်နိုင်ငံတွေက ဝိုင်းပိတ်ဆို့တာတွေရှိခဲ့သေးတယ်။ အဲဒီတုန်းကတောင်မှ သူက နဝတတို့ နအဖတို့ဖက်က မားမားမတ်မတ်ရပ်ပေးတာပဲ။ အခုတော့ NLD အစိုးရဖက်ကျတော့ သူရပ်အားလည်းရှိတယ်၊ ရပ်လည်း ရပ်နိုင်လာတယ်။ အစကတည်းကလည်း သူက ဗမာပြည်ဖက်က ရပ်ဖို့ သူစဉ်းစားထားပြီးသားပဲ။ ”

တရုတ်အစိုးရဘက်ကတော့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ အမြင်သဘောထားမတူပဲ မြန်မာအစိုးရအပေါ် မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်ပြီး ငြိမ်းချမ်းရေးတည်ငြိမ်ရေးတွေကို အလေးထားဆောင်ရွက်သွားမယ်ဆိုတာကို အခုလိုကွန်မြူနစ် ပါတီညီလာခံကနေ ပြတ်ပြတ်သားသား သူတို့ သဘောထားထုတ်ဖော်ပြသသွားတာဖြစ်တယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

“တရုတ်ပြည်ရဲ့ သဘောထားကတော့ ဘယ်လိုပဲဖြစ်ဖြစ် တည်ဆဲအစိုးရကို ထောက်ခံတယ်၊ အားပေးတယ်ဆိုတဲ့သဘောပဲ။ အနောက်နိုင်ငံတွေနဲ့ ခြားနားတာက အနောက်နိုင်ငံတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စမှာ အစိုးရမဟုတ်ရင်တောင်မှ အဲဒီမှာ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော် တာဝန်ရှိတယ်ဆိုပြီး ဖိအားပေးဖို့ ကိစ္စတွေ ကို ပြောနေဆိုနေတဲ့ အချိန်မှာ သူတို့ကတော့ ဒီလို လုပ်မှာမဟုတ်ဘူး။ အစိုးရကို ဖြစ်စေ၊ တပ်မတော်ကို ဖြစ်စေ သူတို့ ဆက်ပြီးတော့ ထောက်ခံအားပေးနေမယ်။ သူတို့ရဲ့ မိတ်ဆွေနိုင်ငံအနေနဲ့ ရပ်တည်နေမယ်ဆိုပြီး အဲဒီသဘောထားကို လူသိရှင်ကြား ကမ္ဘာကိုပါသိအောင် ထုတ်ဖော်ပြသလိုက်တယ်လို့ပဲ ထင်ပါတယ်။”

တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးအလေးထားအာရုံစိုက်တယ်ဆိုတာကို အခုလို သူတို့ရဲ့ ပါတီညီလာခံကျင်းပချိန်မှာ ထည့်သွင်းပြောဆိုသွားတာကိုကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ဒေါ်လာဘီလျံပေါင်းများစွာသော ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ ရှိရုံသာမက ၊ တရုတ်တို့ရဲ့ ခေတ်သစ် ခါးပတ်လမ်းမကြီး ကမ္ဘာ့ကုန်သွယ်ရေး စီမံကိန်းကြီးထဲမှာလဲ မြန်မာနိုင်ငံဟာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်နေတာပါ။ ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းတို့မှာလည်း တရုတ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ဆောင်ရွက်နေသလို ဘင်္ဂလားပင်လယ်ကွေ့ ရခိုင်ကမ်းရိုးတန်းဒေသမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှုမှာဆိုရင်လည်း တရုတ်ဘက်က လုပ်ငန်းတခုလုံးရဲ့ ၇၀ ကနေ ၈၅% အထိ ဒေါ်လာ(၇.၃)ဘီလျံ တန်ဘိုးရှိတဲ့ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG