သုံးရလွယ်ကူစေသည့် Link များ

အာရှစီးပွားရေးအပေါ် ကန်နဲ့တရုတ်ခေါင်းဆောင် အမြင်သဘောထားကွဲပြား


အမေရိကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping။ (နိုဝင်ဘာ ၉-၂၀၁၇)

အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ဒေသတွင်း စီးပွားရေးခေါင်းဆောင်တွေကို ပြောကြားခဲ့ကြတဲ့ ဒီကနေ့ မိန့်ခွန်းတွေမှာ အာရှဒေသ ကုန်သွယ်ရေးမှာ ဆောင်ရွက်သင့်တဲ့ ပုံစံတွေနဲ့ ပတ်သက်လို့ သိသိသာသာ ကွဲပြားနေတဲ့ သဘောထားတွေကို တွေ့ကြရပါတယ်။ အင်ဒို-ပစိဖိတ်ဒေသတွင်းက နိုင်ငံတွေနဲ့ နိုင်ငံချင်းအလိုက် ကုန်သွယ်ရေးသဘောတူညီချက်တွေ ရယူဖို့ လိုလားကြောင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာရှ-ပဖိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC အမှုဆောင်အရာရှိချုပ်တွေရဲ့ ထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်တာပါ။

ဒါပေမဲ့လည်း သမ္မတတာဝန်ယူပြီးနောက်မှာပဲ အမေရိကန် နှုတ်ထွက်လိုက်တဲ့ ပစိဖိတ်ရပ်ဝန်း ၁၂ နိုင်ငံကြား သဘောတူညီချက် (TPP) လို နိုင်ငံစုံနဲ့ သဘောတူညီချက်မျိုးကိုတော့ မလိုချင်ကြောင်း အခိုင်အမာ ပြောဆိုသွားပါတယ်။ မျှတတဲ့ ကုန်သွယ်မှုတွေဖြစ်စေမယ့် အခြေခံမူတွေနဲ့ နိုင်ငံတနိုင်ငံချင်းအလိုက် သဘောတူညီမှု ရယူလိုပေမဲ့၊ ကန့်သတ်ချက်တွေ၊ တိုင်းပြည် အချုပ်အခြာကို ထိပါးမှုတွေနဲ့ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မလွယ်တဲ့ နိုင်ငံအများအပြားနဲ့ သဘောတူညီချက်မျိုးတွေကိုတော့ မလိုချင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အတိတ်မှာတုန်းက ကုန်သွယ်မှု အတားအဆီးတွေကို အမေရိကန်က လျှော့ပေါ့ပေးခဲ့ပေမဲ့၊ တခြားနိုင်ငံတွေက ဈေးကွက်တွေကို ဖွင့်မပေးတာမျိုးမဖြစ်စေဖို့၊ အစိုးရပိုင်ကဏ္ဍတွေ သာမက ပုဂ္ဂလိကကဏ္ဍကပါ ညီတူညီမျှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်အောင် ကုန်သွယ်ဖက်တွေအနေနဲ့ ဈေးကွက်တွေ ဖွင့်ပေးထားဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ဗီယက်နမ်နိုင်ငံ Da Nang မြို့က ညီလာခံမှာ သမ္မတ Trump အပြီး၊ မိန့်ခွန်းပြောကြားခဲ့တဲ့ တရုတ်သမ္မတ Xi Jinping ကတော့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို အားပေးတဲ့ သဘောထားကို ပြောဆိုခဲ့တာပါ။

အထူးသဖြင့်၊ ဒေသတွင်းနဲ့ နိုင်ငံအလိုက် စီးပွားရေး သဘောတူညီချက်တွေကို ဘက်မျှအောင် ထိန်းညှိပေးနိုင်မယ့် အာရှ-ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ (FTAAP) ကို အားပေးဖို့လည်း တရုတ်ခေါင်းဆောင်က တိုက်တွန်းသွားပါတယ်။

တရုတ်နိုင်ငံ မပါဝင်တဲ့ TPP သဘောတူညီချက်မှာတော့ အမေရိကန်နဲ့ ဂျပန်တို့က ဦးဆောင်ပြီး တရုတ်နိုင်ငံရဲ့ မဟာဗျုဟာကျကျ ရည်မှန်းချက်တွေကို တန်ပြန်ဖို့ ရည်ရွယ်ခဲ့တာပါ။ တရုတ်သမ္မတကတော့ ကမ္ဘာတ၀န်းလွှမ်းခြုံလာနေတဲ့ Globalization ကို ရှောင်လွဲလို့မရနိုင်သလို၊ ကမ္ဘာကြီးအနေနဲ့ ပိုမိုဘက်မျှအောင်နဲ့ အားလုံးပါဝင်နိုင်အောင် ကြိုးပမ်းဖို့ လိုအပ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG