သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ Trump တရုတ်ရောက်ရှိ


ပထမဆုံးအကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အဖြစ် ဘေဂျင်းမြို့တော်ကို ဒီကနေ့ပဲ ရောက်လာခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump ဟာ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံပြီး၊ ကုန်သွယ်ရေး ကိစ္စသာမက၊ မြောက်ကိုရီးယားအရေးကိုလည်း အာရုံစိုက် ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်တွေကို စွန့်လွှတ်ဖို့ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်လည်းဖြစ် ကုန်သွယ်ဖက်လည်းဖြစ်တဲ့ တရုတ်နိုင်ငံကို ဖိအားပေးဖို့ သမ္မတ Trump က ရည်ရွယ်ထားကြောင်းလည်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။

တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ ရောက်ရှိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက လွှတ်တော်မှာ ဒီကနေ့ အစောပိုင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ကို လျှောက်လှမ်းဖို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အမေရိကန် ပြည်ထောင်စုကို လျှော့မတွက်ဖို့၊ အကဲစမ်းတာမျိုး မလုပ်ဖို့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ အတွက် သာမက၊ ယဉ်ကျေးတဲ့ တိုင်းပြည်တွေကိုယ်စား ပြောကြားလိုကြောင်း သမ္မတ Trump က သတိပေး ပြောဆိုလိုက်တာပါ။ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေး၊ ဘုံအကျိုးစီးပွားတွေနဲ့ လွတ်လပ်မှုတွေကို ကာကွယ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘော ၃ စင်း နဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ ပါဝင်တဲ့ ရေတပ်အုပ်စုဟာလည်း ဒေသတွင်းမှာ ရောက်ရှိနေပြီး၊ သမ္မတ Trump ကတော့ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်က စနစ်တကျ နေရာယူထားကြောင်း ပြောဆိုခဲ့တာပါ။ နျူကလီးယားနဲ့ ဖျက်ဆီးဖို့ ခြိမ်းခြောက်နေတဲ့ အစိုးရတရပ်ကို ကမ္ဘာကြီးအနေနဲ့ သည်းခံ လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြားက လုံခြုံရေးတပ်ဖွဲ့တွေ ထူထူထပ်ထပ် ချထားတဲ့ စစ်မဲ့ဇုန်ကို သမ္မတ Trump သွားရောက်မယ့် အစီအစဉ်ကတော့ ရာသီဥတု အခြေအနေကြောင့် ဖျက်ခဲ့ရပါတယ်။ ရဟတ်ယာဉ်နဲ့ သွားရမယ့် ခရီးစဉ်မှာ မြူတွေထူထပ်လွန်းတာကြောင့် ဖျက်လိုက်ရတဲ့အပေါ် သမ္မတက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရသူက နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ကန်သမ္မတ Trump တရုတ်ရောက်ရှိ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG