သုံးရလွယ်ကူစေသည့် Link များ

အာရှ၅နိုင်ငံကိုခရီးထွက်နေတဲ့ အမေရိကန်သမ္မတDonald Trump ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုရီးယားကို ဒီကနေ့ခရီး ဆက်ပါလိမ့်မယ်။ မြောက်ကိုရီးယားအရေးက သမ္မတထရမ့်ရဲ့အခုခရီးစဉ်မှာ အဓိကလွှမ်းမိုးထားတဲ့အကြောင်းအရာပါ။ ၂ရက်ကြာ ဂျပန်ခရီးစဉ်မှာ သမ္မတထရမ့်ဘာတွေဆွေးနွေးခဲ့သလဲဆိုတာနဲ့ တောင်ကိုရီးယားမှာရောဘာအစီအစဉ်တွေရှိ သလဲဆိုတဲ့အကြောင်း ဗီအိုအေသတင်းထောက် Steve Herman ရဲ့သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ပြော ပြပါလိမ့်မယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှု နဲ့မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်နေတဲ့ကိစ္စတွေကို တုံ့ပြန်သွားဖို့လမ်းကြောင်းအားလုံး ကိုအဆင်သင့်ပြင်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက သတင်းထောက်တွေကို မနေ့ကပြောကြားခဲ့သလို အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ကလည်း မဟာဗျူဟာမြောက် သည်းညည်းခံတဲ့ခေတ်က ကုန်ခဲ့ပြီလို့ဆိုပါတယ်။ ဂျပန် နိုင်ငံမြို့တော်တိုကျိုမှာ မနေ့ကကျင်းပခဲ့တဲ့ ခေါင်းဆောင်၂ဦးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးမှုလုပ်စရာအကြောင်းမရှိသလို အခုအချိန်က ဖိအားတွေအပြင်းထန်ဆုံးပေးရမယ့်အချိန်ကို ရောက်နေပြီလို့ ၀န်ကြီးချုပ်ရှင်ဇိုအာဘဲကပြောပါတယ်။

"မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး သမ္မတထရမ့်နဲ့အတူရာနှုန်းပြည့်ရပ်တည်သွားမယ်ဆိုတာကိုကျနော်တို့ အသေအချာပြောခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ မြောက်ကိုရီးယားကိုဖိအားတွေတိုးမြင့်ပြီးပေးကြဖို့ တရုတ်နဲ့ရုရှား အပါအ၀င် သက်ဆိုင်ရာနိုင်ငံတွေကို အမေရိကန်နဲ့ဂျပန်အတူတွဲပြီးချည်းကပ်လုပ်ဆောင်သွားကြမှာပါလို့ ၀န်ကြီးချုပ် အာဘဲက ဂျပန်လိုပြောသွားခဲ့တာပါ"

မြောက်ကိုရီးယားရဲ့နျူကလီးယားစမ်းသပ်မှုတွေနဲ့ တာဝေးပစ်မစ်ဇိုင်းဒုံးကျည်တွေ ဂျပန်နိုင်ငံကိုကျော်ပြီးပစ်ခပ်ခဲ့တာ တွေက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ကိစ္စတွေလို့သမ္မတထရမ့်ကပြောပါတယ်။

"မဟာဗျူဟာကျကျ သည်းခံတဲ့ခေတ်က ကုန်ခဲ့ပါပြီ။ ကျနော်ပြောတာတွေက သိပ်ပြင်းထန်လွန်းတယ်လို့ တချို့က ပြောကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၅နှစ်ကျော်ကာလအတွင်း အပြောအဆိုတွေသိပ်ပျော့လွန်းခဲ့လို့ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ကြည့်ကြပါဦး"

မြောက်ကိုရီးယားပြည်သူတွေနဲ့ပတ်သက်ပြီးမေးမြန်းမှုကိုတော့ သမ္မတထရမ့်က မရေရာတဲ့အခြေအနေအောက်မှာရှိနေ တဲ့ပြည်သူတွေအတွက် အဖြေရှာနိုင်တဲ့အခြေအနေရှိလာမယ်လို့ မျှော်လင့်ရတယ်လို့ဆိုပါတယ်။

" မြောက်ကိုရီးယားပြည်သူတွေက သိပ်ဖိနှိပ်လွန်းတဲ့အစိုးရတခုအောက်မှာ ရှိနေတာပါ။ အဆုံးစွန်ပြောရရင် ဖြေရှင်းလို့ ရမယ့် အခြေအနေရှိလာလိမ့်မယ်။ ဒါက အားလုံးအတွက်ပိုကောင်းတဲ့အခြေအနေဖြစ်လာပါလိမ့်မယ်။"

ဂျပန်မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးလည်း သမ္မတထရမ့်က သတင်းစာရှင်း လင်းပွဲမှာ အလေးထားပြောဆိုခဲ့ပြီး မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးကျည်တွေကို ကာကွယ်ရေးမှာ အထောက်အကူ ပြုနိုင်တဲ့ အမေရိကန်ရဲ့ စစ်သုံးပစ္စည်းကိရိယာအမြောက်အများကိုလည်း ဂျပန်အစိုးရက၀ယ်ယူလိမ့်မယ်လို့မျှော်လင့် တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သမ္မတထရမ့်ဟာ ဂျပန်ကနေ တောင်ကိုရီးယားကို ဒီကနေ့ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ၂ရက်ကြာပါလိမ့်မယ်။ ဒီခရီးစဉ် အတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့တွေ့ဆုံဖို့ရှိတဲ့အပြင် တောင်ကိုရီးယားလွှတ်တော်မှာလည်း သမ္မတထရမ့် ကမိန့်ခွန်းပြောဆိုဖို့ရှိပါတယ်။ တောင်ကိုရီးယားရောက်တဲ့အခါမှာလည်း မြောက်ကိုရီးယားကို အပြင်းထန်ဆုံးဖိအားတွေ ပေးရေးပြောဆိုပါလိမ့်ဦးမယ်။ ၁၂ရက်ကြာမယ့် အာရှ၅နိုင်ငံခရီးစဉ်မှာ တောင်ကိုရီးယားနိုင်ငံဟာ သမ္မတထရမ့် ဂျပန်ပြီး ရင် ဒုတိယ ရပ်နားမယ့်နိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG