သုံးရလွယ်ကူစေသည့် Link များ

သမ္မတ Trump တောင်ကိုရီးယားလွှတ်တော်မှာ အရေးကြီးမိန့်ခွန်းပြောမည်

  • ကိုကျော်အောင်လွင်

အာရှ ၅ နိုင်ငံကို ခရီးထွက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ဟာ ၂ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်မှာဖြစ်ပြီး တရုတ်နိုင်ငံကို ခရီးဆက်မှာပါ။ မြောက်ကိုရီးယားအရေး အဓိကလွှမ်းမိုးထားတဲ့ သမ္မတထရမ့်ရဲ့ အာရှ ခရီးစဉ်အတွင်း တောင်ကိုရီးယားပြည်သူ့လွှတ်တော်မှာလည်း အထူးမိန့်ခွန်းတရပ်ကို ဒီကနေ့ ပြောကြားဖို့ ရှိပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေ တိုးမြင့်လာနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့စစ်ရေးအင်အားကို အပြည့်အ၀ အသုံးပြုဖို့ အဆင်သင့်ပဲလို့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်က မနေ့ကပဲ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က အခုလို ပြောခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားအစိုးရကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံတွေကိုလည်း သမ္မတထရမ့်က အပြစ်တင် ဝေဖန်ခဲ့ပါတယ်။

“ အင်မတန်မှ အန္တရာယ်ရှိတဲ့ အစိုးရအတွက် လက်နက်နဲ့ ဘဏ္ဍာရေး အထောက်အပံ့ ပေးနေကြတဲ့ နိုင်ငံတွေကို လုံးဝလက်မခံနိုင်ပါဘူး။ ဒီပြဿနာကို ၀ိုင်းပြီးဖြေရှင်းရေးမှာ စစ်ရေးကလွဲလို့ဖြစ်နိုင်သမျှ နည်းလမ်းတွေ အားလုံးကို သုံးပြီး လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ကိုယ့်ကိုယ်ကို ကာကွယ်ရေးနဲ့ မဟာမိတ်တွေကိုအကာ အကွယ်ပေးရေးမှာတော့ ကမ္ဘာမှာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ ကျနော်တို့ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေကို အပြည့်အ၀ အသုံးချသွားမှာ ဖြစ်ပါတယ်။”

တောင်ကိုရီးယားနိုင်ငံမှာ ရှိနေကြတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ သမ္မတထရမ့် မနေ့က နေ့လည်စာ အတူစားခဲ့ပြီး သမ္မတ မွန်ဂျေးအင် တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော် ညစာစာပွဲကို သမ္မတထရမ့်နဲ့ ဇနီး မနေ့ညက တက်ရောက်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ သမ္မတမွန်းက တောင်ကိုရီးယားရဲ့ ငြိမ်းချမ်းရေးဟာ အခြိမ်းခြောက် ခံနေရတယ်ဆိုပေမဲ့ အမေရိကန်နဲ့ ကိုရီးယားအကြားမှာရှိတဲ့ ရေရှည် မဟာမိတ်ဆက်ဆံရေးကြောင့် အင်ပြည့်အားပြည့်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နောက်တကြိမ် စစ်ထပ်မဖြစ်စေရဘူး လို့လည်း တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်က ပြောပါတယ်။ သမ္မတထရမ့်ကလည်း မြောက်ကိုရီးယားက အလုပ်ဖြစ်မယ့် တွေ့ဆုံဆွေးနွေးမှု လုပ်မယ်ဆိုရင် တကမ္ဘာလုံးအတွက် ကောင်းမယ့်ကိစ္စလို့ပြောပါတယ်။

“ သဘောတူညီချက် တခု ထွက်လာအောင် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို မြောက်ကိုရီးယားက လာမယ်ဆိုရင် ဒါက အဓိပ္ဗါယ်ရှိတဲ့ လုပ်ရပ်တခုလို့ကျနော်တကယ်ပဲ ယုံကြည်ပါတယ်။ ဒီလိုသာ လုပ်မယ်ဆိုရင် မြောက်ကိုရီးယားပြည်သူတွေ အတွက်သာမက တကမ္ဘာလုံးက ပြည်သူတွေအတွက်ပါ ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ ဒီလိုလုပ်ဆောင်တဲ့ အခြေအနေတွေကိုလည်း ကျနော်မြင်နေရပါတယ်။ စောင့်ကြည့်ကြတာပေါ့။ ”

မနေ့က တောင်ကိုရီးယားသမ္မတ အိမ်ဝန်းတ၀ိုက်မှာတော့ သမ္မတထရမ့်ကို ထောက်ခံကြိုဆိုကြတဲ့ တောင်ကိုရီးယား ပြည်သူတွေရော၊ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေရော တော်တော်များများ စုရုံးခဲ့ကြတာပါ။ လုံခြုံရေးကလည်း အထူးတင်းကျပ် ထားပါတယ်။ ၇၅ နှစ် အရွယ် ဂျွန်ဆွန်းအီကတော့ သမ္မတထရမ့်ကို ထောက်ခံကြောင်း ပြသဖို့ သမ္မတအိမ်ရှေ့မှာ ရောက်နေသူပါ။

“ သမ္မတထရမ့်ကို ကြိုဆိုဖို့ ကျနော် ဒီကိုလာခဲ့တာပါ။ အမေရိကန်ဆိုတာက ကိုရီးယားစစ်ပွဲကာလမှာ တောင်ကိုရီးယားကို အကူအညီပေးခဲ့တဲ့ ကျနော်တို့ရဲ့ မဟာမိတ်နိုင်ငံ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ သွေးချင်းညီအကိုတွေရဲ့ နိုင်ငံပါ။ အခုလည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကိုရင်ဆိုင်နေရတဲ့ ကျနော်တို့နိုင်ငံကို သမ္မတထရမ့်က ထောက်ခံအားပေးနေတာပါ။ အဲဒါကြောင့် ဒီကိုလာမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ”

တောင်ကိုရီးယားသမ္မတ အိမ်ရှေ့မှာ ဆန္ဒပြသူ အများစုကတော့ အမေရိကန်ကို အားပေးထောက်ခံကြသူတွေပါ။ ကင်ဂျုံ အွန်းနဲ့ အပေါင်းအပါတွေကို ဗုံးကျဲချပါဆိုတဲ့ စာတမ်းကိုင်ထားကြသူတွေ၊ အမေရိကန်တပ်ဖွဲ့တွေကို မရုပ်သိမ်းပါနဲ့ဆိုတဲ့ စာတမ်းကိုင်ထားသူတွေ အများအပြားရှိသလိုပဲ စစ်ဆန့်ကျင်ရေးသမားတွေလည်း ရှိပါတယ်။ အသက်၅၀အရွယ် ခင်ဂျွန်ဟီး ဆိုတဲ့အမျိုးသမီးကတော့ စစ်မလိုလားသူတဦးပါ။

“ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံက သမ္မတဦး အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် မြောက်ကိုရီးယားနဲ့ အကြွင်း မဲ့ ဆွေးနွေး ညှိနှိုင်းဖို့ လုပ်ပြသင့်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲမဖြစ်ရအောင် သမ္မတထရမ့်ကို တောင်းဆိုဖို့လည်း ကျမဒီကိုလာခဲ့တာပါ။”

သမ္မတထရမ့်ဟာ ဒီကနေ့ပဲ တောင်ကိုရီးယားကနေ တရုတ်နိုင်ငံကို ခရီးဆက်မှာပါ။ တရုတ်ပြည်မသွားခင် တောင်ကိုရီးယားလွှတ်တော်မှာ သမ္မတထရမ့် မကြာခင်မှာပဲ မိန့်ခွန်းပြောဖို့ရှိပြီး အဲဒီမိန့်ခွန်းက မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ ထူးခြားချက်တွေ ပါမယ့် မိန့်ခွန်းလို့ မျှော်လင့်ရပါတယ်။ မြောက်ကိုရီးယားအရေး တရုတ်နဲ့ အမေရိကန်တို့ အာရုံစိုက်ပြီး ပြောဆိုကြမယ့်ကိစ္စက သိပ်ပြီး အရေးကြီးတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားအရေးမှာ လိုအပ်သလောက် အလုပ်မလုပ်ဘူးလို့ သမ္မတထရမ့်က ဝေဖန် ထားတယ်ဆိုပေမဲ့ တရုတ်သမ္မတရှီကျင်းပင်က သိပ်ပြီးအကူအညီရတဲ့သူလို့ ဆိုပါတယ်။

ဘယ်လောက် အကူအညီရတဲ့သူလည်း ဆိုတာကို မကြာခင် သိရပါလိမ့်မယ်လို့လည်း သမ္မတထရမ့်က တောင်ကိုရီးယားမြို့တော် ဆိုလ်းမှာ မနေ့ကပြောခဲ့ပါ တယ်။ တရုတ်နိုင်ငံဟာ သမ္မတထရမ့်ရဲ့တတိယမြောက်ရပ်နားမယ့် ခရီးစဉ်ဖြစ်ပြီး အဲဒီမှာ၂ ရက်ကြာနေထိုင်ပြီး ဗီယက် နမ်ကို ထွက်ခွါပါလိမ့်မယ်။ ဗီယက်နမ်ပြီးရင်တော့ ဖိလစ်ပိုင်နိုင်ငံကိုခရီးဆက်မှာပါ။

XS
SM
MD
LG