သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အကြား တိုက်ပွဲဆက်ဖြစ်ဖို့ အလားအလာရှိ


AA ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
AA ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြားမှာ တိုက်ပွဲတွေဟာ ဒီနေ့သောကြာနေ့အထိ ဆက်လက်ဖြစ်ပွားနေသလို တိုက်ပွဲတွေဟာ ထပ်မံပြင်းထန်နိုင်တဲ့ အလားလာတွေ ရှိနေတယ်လို့ ရခိုင်တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒေသခံ ပြည်သူတွေကတော့ အရပ်သားတွေ ထိခိုက်သေကျေတာတွေဖြစ်တာကြောင့် ဒီလို လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်တပ်အကြားမှာ ဒီလ အစောပိုင်းကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့ရာက နိုဝင်ဘာ ၈ရက်နေ့မှတော့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်ခဲ့သလို အရပ်သားတွေပါ ထိခိုက်သေကြေတာတွေ ရှိခဲ့တာပါ။

လတ်တလော ဒေသတွင်း တိုက်ပွဲအခြေအနေကို AA ခေါ် ရခိုင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

" တိုက်ပွဲကတော့ ဆက်ဖြစ်တုန်းပဲခင်ဗျ အဓိကဖြစ်နေတာက ပလက်ဝရဲ့အထက်ပိုင်း မောင်ဘုတောင်တန်း၊ ဆမန်းတလန်တောင်တန်းပေါ့ အဲ့ဒီ့မှာလည်းဖြစ်နေတယ်။ နောက်ပြီးတော့ ဒလက်ချောင်းအဝပိုင်းမှာလည်းဖြစ်နေတယ်။ အဲ့ဒီ့မှာ မြန်မာ့ တပ်မတော်ဘက်ကနေ အင်အားအလုံးအရင်းနဲ့တက်လာတဲ့နောက် ဒလက်ချောင်းအဝနားမှာလည်း တိုက်ပွဲကဖြစ်နေတယ်။ အခုဆိုရင် ပီချောင်းဘက်ကိုလည်း မြန်မာ့တပ်မတော်ဘက်က အင်အားတွေ ထပ်တိုးလာလို့ အခုပီချောင်းဘက်လည်း အခုတိုက်ပွဲကထပ်ဖြစ်နိုင်တဲ့ အလားအလာက အများကြီးရှိတယ်ဗျ။ နိုဝင်ဘာလ ၁ရက်နေ့ ညနေ ၄နာရီလောက်မှာစတင်ပြီး စဖြစ်တာ အခုအချိန်အထိဆို ဆယ်ရက်ရှိပြီပေါ့။"

ဒီလ ၈ရက်နေ့က ပလက်ဝမြို့နယ် နှုံးဘူးကျေးရွာအနီးမှာ AA ခေါ် ရခိုင်တပ်ဖွဲ့က တပ်မတော်စက်လှေတစီးနဲ့ အရပ်သားစက်လှေတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကုလားတန်မြစ် အသက် ၂၁နှစ်အရွယ် စက်မှုလက်မှုသိပ္ပံ ဒုတိယနှစ်ကျောင်းသား တဦးသေဆုံးပြီး အသက် ၈၀ကျော် အမျိုးသမီးတဦးအပါအဝင် အမျိုးသမီး ၃ယောက် ထိခိုက်ဒဏ်ရရှိကြောင်း ချင်းပြည်နယ် အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

ရခိုင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

" ကျောင်းသားလေးတယောက်သေသွားတာရော နောက် ထိခိုက်တဲ့ အမျိုးသမီးတွေရော ကျနော်တို့ကတော့ လုံးဝ စိတ်မကောင်းဘူးပေါ့ဗျာ ဒါပေမဲ့ တဖက်ကလည်း ကျနော်တို့က လွန်ခဲ့တဲ့ငါးရက်နေ့ကတည်းက အဲ့ဒီ့မှာ ဒီကျနော်တို့ဘက်က ကြေညာချက်တွေ ထုတ်ပြန်ထားပြီးပြီဗျ။ အရပ်သားတွေအနေနဲ့ ကုလားတန်မြစ်ရယ် ဒလက်ချောင်းရယ် နောက် ပီချောင်းရယ် အဲ့ဒီ့နေရာတွေမှာ ဖြတ်သွားဖြတ်လာ သွားတဲ့အခါမှာလည်း သတိရှိရှိနဲ့သွားကြဖို့ အတတ်နိုင်ဆုံး အသွားအလာကို ရှောင်ကျဉ်ကြဖို့ ကျနော်တို့ဘက်ကနေ သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီးသား ဖြစ်ချင်တော့ ဗမာ့တပ်မတော်က ရိက္ခာတင်လာတဲ့စက်လှေမှာ သူတို့က လှေကြုံစီးပြီးတော့ လိုက်လာကြတာ အဲ့တာကြောင့်မို့လို့ အဲ့လိုမျိုး ဖြစ်သွားတာ ဖြတ်သွားတဲ့ ကုန်တင်စက်လှေကို ပစ်တယ်တို့ အဲ့တာတော့ မဟုတ်ဘူး။ "

ပလက်ဝဒေသအတွင်းမှာ စစ်ရေးတင်းမာတာတွေ ရှိနေတာကြောင့် ပြည်သူတွေ ခရီးသွားတဲ့အခါ သတိထားဖို့ကို ဒီလ ၅ရက်နေ့နေ့စွဲနဲ့ AA ခေါ် ရခိုင်တပ်က ကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တိုက်ပွဲ ငြိမ်သက်ပြီး ခရီးသွားလာသင့်တဲ့အချိန်ကို ထပ်မံ ကြေညာဖို့လည်း ရှိကြောင်း ခိုင်သုခက ဆက်ပြောပါတယ်။

" အခုကတော့ ဗမာ့တပ်မတော်ဘက်ကနေ တပ်ရင်းပေါင်း ၁၀ကျော် ထိုးစစ်ကို ပြင်းပြင်းထန်ထန် လုပ်နေတော့ ကြားကာလမှ ပြည်သူတွေအနေနဲ့ ခရီးမသွားကြဖို့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ ဒါကို ကျနော်တို့က ဒါကို ထုတ်ထားတာဖြစ်တယ် ကျနော်တို့ဘက်က အခြေအနေတွေကို အေးဆေးတဲ့အခြေအနေတခုရောက်သွားလို့ရှိရင် အခြေအနေတွေကို ထပ်ပြီးတော့ ထုတ်ပြန်ချက်တွေ ထုတ်ဖို့ရှိပါတယ်။"

ဒီလ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း ပလက်ဝမြို့နယ် ကုလားတန်မြစ် အထက်ပိုင်းက ကုန်ပြင်နဲ့ အနီးအနားကျေးရွာက ပြည်သူ ၃၀၀ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ဒေသခံပြည်သူတွေကတော့ အခုလို အရပ်သားတွေ ထိခိုက်ရတဲ့အပေါ် ရှုတ်ချကြောင်း ပလက်ဝဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောပါတယ်။

" ပလက်ဝက ကုန်ပြင်အုပ်စုကြားမှာ တပ်မတော်နဲ့ စစ်ဖြစ်တော့ အဲ့ဒီ့ကုန်ပြင်ကျေးရွာမှာ ရှိတဲ့ ဒေသခံတွေ အကုန်လုံး ရွှေ့ပြောင်းကုန်ပြီလေ။ ဒီကြားထဲမှာ ပလက်ဝမြို့နယ် အထက်ပိုင်း ကျေးရွာနားမှာ တပ်မတော်က တက်လာတဲ့စက်လှေကို AA လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်တော့ ပြည်သူသုံးဦးက ဆေးရုံတက်ရပြီး ကျောင်းသား တယောက် ဆုံးသွားတာပေါ့ အဲ့ဒီ့တော့ ကျနော်တို့ ဒေသခံတွေ အနေနဲ့ကတော့ အဲ့လိုမျိုးဖြစ်တဲ့ကိစ္စကို လုံးဝ ရှုတ်ချတယ်လို့ပဲ ကျနော်တို့ကတော့ သုံးသပ်တာပေါ့လေ "

ချင်းပြည်နယ်ဖက်မှာ စစ်ရေးတင်းမာတာတွေမြင့်တက်နေချိန်မှာပဲ ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ အစိုးရတပ်မတော်နဲ့ တအာင်း ပလောင် တပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တချိန်တည်းမှာတော့ ရခိုင်နဲ့ ပလောင် လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုကော်မတီ FPNCC အဖွဲ့ထဲမှာ ပါဝင်တဲ့ ဝနဲ့ မိုင်းလားအဖွဲ့တွေနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းလုပ်ငန်စဉ်တွေ ဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG