သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရတပ်နဲ့ AA တိုက်ပွဲ ထိခိုက်သေဆုံးမှုရှိ


AA တပ် (ရက္ခိုင့်တပ်မတော်- သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ် (ရက္ခိုင့်တပ်မတော်- သတင်းနှင့် ပြန်ကြားရေးဌာန)

တပ်မတော်နဲ့ AA ရခိုင်တပ်တို့ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်အပြစ်မဲ့ပြည်သူများ အနည်းဆုံး ၃၀၀ကျော် စစ်ဘေးသင့်နေရတယ်လို့ ချင်းပြည်နယ် အစိုးရဘက် ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိသလိုပဲ၊ တပ်မတော်ဖက်မှာလည်း အထိအခိုက်ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမေခက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းရှိ ကုန်ပြင်ကျေးရွာအနီးမှာ တပ်မတော် ခမရ (၃၇၈) နဲ့ AA အဖွဲ့တို့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အခုလို စစ်ဘေးရှောင်ဒုက္ခသည်တွေ ထွက်ပေါ်လာခဲ့ရပြီး အသီးသီးနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ချင်းပြည်နယ် လှုမှုရေးဝန်ကြီး ဆလိုင်းအိုက် ဇက်ခင်ကပြောပြတာပါ။

“လောလောဆည်ကတော့ ကျနော်တို့ ၃၀၀ ကျော်၊ ၃၀၀ နဲ့ ၄၀၀ ကြားမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေရှိပါတယ် ကျနော်တို့ ဒေသခံများအနေနဲ့ပေါ့လေ။ ဆိုတော့ ကုလားတန်မြစ် အထက်ပိုင်းရှိ ကုန်ပြင်ရွာ မှာဖြစ်တာပေါ့လေ ဆိုတော့ ရွေလက်ဝရွာ၊ ရွေလက်ဝအောက်ရွာ အစရှိတဲ့ ရွာတွေဘက်မှာ လောလောဆည်တိမ်းရှောင်နေရတဲ့အနေအထားရှိပါတယ်။”

ဒီလိုဖြစ်ပွားခဲ့တာမို့ ကျောက်ဖြူ စက်မှုလက်မှုသိပ္ဗံ ကျောင်းသားတစ်ဦးသေဆုံးခဲ့ရပြီး နောက်ထပ် အရပ်သား ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းပြောပါတယ်။ ဒီလိုစစ်ဘေးရှောင်သူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ချင်းပြည်နယ်အစိုးရက ကူညီထောက်ပံ့မှုတွေလုပ်နေတယ်လို့လည်း သူကပြောပါတယ်။

“လောလောဆည်ကတော့ ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ မနေ့ကပေါ့နော် နိုဘူရွာနားမှာ AA ဘက်က ပစ်လို့ ဒဏ်ရာရတဲ့ ပြည်သူ ၃ ယောက် နဲ့ သေဆုံးသွားတဲ့ ကျော်ငးသား ၁ ယောက်ပေ့ါနော် GTI ကျောင်းသား သူတို့နဲ့ ဆက်သွယ်ပြီးတော့ စောင့်ရှောက်ကူညီပေးတာတွေလုပ်နေပါတယ်။ နောက်ပြီးတော့ သေဆုံးသွားတဲ့ ကျောင်းသားအတွက်ကျတော့ ပြည်နယ်အစိုးရအနေနဲ့ ကျပ် ၃ သိန်း ကူညီဆောင်ရွက်ပါတယ်။ ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးကိုတော့ ကျနော်တို့ ပလက်ဝဆေးရုံမှာ တင်ပို့ကုသနေပါတယ်။ စိုးရိမ်စရာမရှိပါဘူး နောက်တယောက်က တော့ ပေါင်မှာ ဒဏ်ရာရပါတယ် အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး။ သို့သော် ပေါင်မှာ ကျည်ဆံတွေ့တာမို့လို့ စစ်တွေဆေးရုံကို ပို့ဖို့အတွက်ကို တပ်မတော်ရဟတ်ယာဉ်နဲ့ သယ်ဆောင်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ တိမ်းရှောင်နေတဲ့ ပြည်သူတွေအတွက်ကတော့ ကျနော်တို့ စားဝတ်နေရေး ရိက္ခာပေါ့နော် ဆေးဝါးအထောက်အပံ့စတာတွေ ပို့ပေးနိုင်ဖို့အတွက် ကျနော်တို့ အမြန်ဆုံးစီစဉ်သွားမှာဖြစ်ပါတယ်။”

အပြစ်မဲ့အရပ်သားသေဆုံးမှုကို AAရခိုင်တပ်ေကြာင့်လို့အစိုးရဘက်က တော့ပြောဆိုထားပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေ အရ တပ်မတော်ဘက် က လူ ၁၀ဦးကျော် လက်နက်ကြီးထိသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီသတင်းအတွက် တပ်မတော်သတင်းအမှန်ပြန်ကြားရေးနဲ့ AA တို့ဘက်ကို ဆက် သွယ်မေးမြန်းအတည်ပြုပေမယ့် အတည်ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။

ချင်းပြည်နယ်မှာနေထိုင်သူတွေနဲ့ အမည်မဖော်လိုတဲ့ ချင်းလွှတ်တော်ကိုယ်စားလှယ်တဦး ကတော့ ဒီသတင်းကို အတည်ပြုကြပေမယ့် ကာယကံရှင်တွေဘက်ကသီးခြား အတည်ပြုနိုင်တာမရှိခဲ့ ပါဘူး။ ဒါနဲ့ပတ်သတ်လို့ ချင်းပြည်နယ် လှုမှုရေးဝန်ကြီး ဆလိုင်းအိုက် ဇက်ခင်က ထိခိုက်ဒဏ်ရာရတာတွေရှိတာမှန်ပေမယ့် အရေအတွက်နဲ့ သေဆုံးစာရင်းအပေါ်မှာတော့ သီးခြားအတည်ပြုပေးလို့မရဘဲ တပ်မတော်ဘက်က အတည်ပြုပေးမှသာ သတင်းအတည်ဖြစ်မယ်လို့ ခုလိုပြောပြပါတယ်။

“ခမရ ၂၈ က တပ်မတော်သားတွေပါလာတဲ့ စက်လှေနဲ့ အရပ်သားတွေ စီးနင်းလိုက်ပါတဲ့ စက်လှေ ၂ ခုကို ပစ်တာပေါ့လေ။ AA ဘက်က ပစ်တာပေါ့ တပ်ဘက်ကလည်း အထိအခိုက်ရှိပါတယ်။ အဲဒါကတော့ တပ်ဘက်ကို မေးမြန်းစေချင်ပါတယ်။ တကယ်တပ်ဘက်က အထိအခိုက်ရှိပါတယ်။ အဲဒါကတော့ တပ်ဘက်က အတည်ပြုတာပဲ ပိုကောင်းပါလိမ့်မယ်။”

လက်ရှိမှာ ထိခိုက်ဒါဏ်ရာရရှိသူတွေဟာ ပလက်ဝဆေးရုံမှာဆေးကုသခံယူနေရပါတယ်။ အေးတဲ့ရာသီကို ရောက်လာတာမို့ တိုက်ပွဲရှောင် ပြည်သူများအတွက် အရေးပေါ် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးနိုင်ဖို့ အပူတပြင်းလိုအပ်နေတယ်လို့လည်း ဆလိုင်းအိုက် ဇက်ခင်ကပြောပါတယ်။ လက်ရှိစစ်ဘေးသင့်ဒုက္ခသည်စာရင်းဟာလည်း အတိအကျ စာရင်းကောက်ဖို့အပြင် ကူညီကယ်ဆယ်ရေး ပေးဖို့မှာလည်း အခက်အခဲရှိတွေနေတယ်လို့ ဆလိုင်းအိုက် ဇက်ခင်ကပြောပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG