သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မေယုတောင်ကြောမှာ လက်နက်ကိုင်တွေ လှိုဏ်ခေါင်းတူးခိုအောင်းပြီး စစ်သင်တန်းပေးနေဟု သမ္မတရုံးရှင်းလင်း


မောင်းတောရဲလုံခြုံရေးတပ်များ
မောင်းတောရဲလုံခြုံရေးတပ်များ

ရခိုင်ပြည်နယ် မောင်တောဒေသဘက်က မေယုတောင်ကြောမှာ လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းမှုတွေလုပ်နေကြောင်း ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကပြောပါတယ်။ တောတောင်ထူထပ်တဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေဟာ လှိုဏ်ခေါင်းတူးနေထိုင်နေကြသလို ဒေသခံတွေ ကိုလည်း အတင်းအကြပ် လက်နက်ကိုင်သင်တန်းတွေ ပေးနေတယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးဇော်ဌေးကပြောပါတယ်။ အခုအခါမှာ ဖမ်းဆီးထားသူပေါင်း ၆၀၀ ကျော်ရှိပြီး ရင်ဆိုင်တိုက်ပွဲအတွင်း အသေ ဖမ်းဆီးရမိသူတွေရှိတယ်လို့လဲ ဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွါးလာနိုင်တဲ့ အနေအထားကို တားဆီးဖို့ မေယုတောင်တန်းတွေပေါ်က လက်နက်ကိုင်တွေ ခိုအောင်းရာ စခန်းတွေကို လိုက်လံရှင်းလင်းနေကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ဒါ့အပြင် ARSA လက်နက်ကိုင်အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံဆိုသူကိုလည်း မကြာခင်က ဖမ်းဆီးရမိထားသလို တခြားဖမ်းဆီးရမိသူတချို့ကလည်း မေယုတောင်တန်းတွေ ပေါ်မှာ ဒေသခံတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ လက်နက်ကိုင်သင်တန်း တွေ ပေးနေတာလို့ ပြောကြားကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

“ဖိလစ်ပိုင်တို့ဘာတို့မှာဆိုရင် အခုလက်ရှိကြုံတွေ့နေရတဲ့ အနေအထားမျိုးပေါ့နော် ၊ ဒီလိုမျိုး တိုက်ခိုက်နိုင်တဲ့အထိ ဖြစ်နိုင်တယ် ဘာကြောင့်လဲဆိုတော့ ရွာတိုင်းရွာတိုင်းမှာ သူတို့ရဲ့ အမာခံပေါ့နော် သူတို့လေ့ကျင့် သင်တန်းပေးထားတဲ့လူတွေရှိနေတယ် အဲဒီရှိတဲ့ သင်တန်းပေးထားတဲ့လူတွေကနေပြီးတော့ အချိန်မရွေးပေ့ါနော် ၊ လက်နက်ခဲယမ်း ကျန်တဲ့ ပံ့ပိုးမှုနဲ့လုပ်လိုက်မယ်ဆိုရင် ကျနော်တို့ မောင်တောက အချိန်မရွေး အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနိုင်တဲ့အခြေအနေကို ရောက်သွားနိုင်တာကို ကျနော်တို့တွေ့ရတယ်။ မေယုတောင်ဆိုတာက တော်တော်လူရောက်နည်းတယ်ပေါ့နော် ၊ ဒီဒေသကို စိုးမိုးထားတဲ့တောင်ကလည်း မေယုတောင်ပဲရှိတယ်ပေါ့နော်။”

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလောက်ကစလို့ ဒေသတွင်း နယ်မြေရှင်းလင်းမှုတွေလုပ်တာမှာ တပ်မတော် အနေနဲ့ မပါဝင်တော့ပဲ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေကသာ တာဝန်ယူဆောင်ရွက်ချိန်အတွင်း အကြမ်းဖက် တိုက်ခိုက်ဖို့ ရွာသူရွာသားတွေကို သင်တန်းတွေပေးနေတာလို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒီလို ဒေသရှင်းလင်းမှုတွေလုပ်ရာမှာ အကြမ်းဖက်ခုခံမှုတွေ ရှိခဲ့သလို ဒေသခံရွာသား တချို့လည်း သတ်ဖြတ်ခံရကြောင်း ပြောပါတယ်။ အဲဒီဒေသခံ အစွန်းရောက်တွေနဲ့ နိုင်ငံတကာက အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေနဲ့လည်း ဆက်စပ်မှုရှိနိုင်တာကို ဦးဇော်ဌေးက အခုလိုထောက်ပြပါတယ်။

“ကျနော်တို့အာရှဒေသမှာ အကြမ်းဖက်တွေ ပိုထွက်ပေါ်လာတယ်ဆိုတာက ပါကစ္စတန်မှာ training တွေပေးတယ်ဆိုတာလည်းရှိတယ်။ အဲဒီဒေသမှာ အယ်ခိုင်းဒါးတို့လည်း ရှိတယ်ပေါ့နော် အယ်ခိုင်းဒါး Network ရှိတယ်။ ဒီအရှေ့အလယ်ပိုင်းမှာဆိုရင် IS ရှိတယ် IS Network ရှိတယ်။ ဒီဟာက ဖိလစ်ပိုင်တို့အထိ ဆက်လာပြီပေါ့နော်၊ ဒါပေမယ့် ဒီဘက်မှာက အယ်ခိုင်းဒါး က သူတို့ ၂ ခုကတော့ မတူဘူး ၊ သို့သော် အဲဒါတွေကို ဆက်စပ်လုပ် တဲ့လူတွေကတော့ သွားပြီးတော့ တူနေတာပေါ့နော်။ အဲလိုတော့ ရှိတယ် ပြည်ပ ဆက်စပ်မှုရှိလားဆိုပြီးပြောရင်တော့ ဆက်စပ်မှုရှိတယ် ငွေကြေးအရသော်လည်းကောင်း ဒီ Idealogy အပိုင်းအရသော်လည်းကောင်း ဆက်စပ်မှုရှိတယ်။”

ဒါပေမယ့်လည်း Arakan Rohingya Salvation Army (ARSA) အဖွဲ့ကတပ်မှူးကြီး Ata Ullah နဲ့ Reuters သတင်းဌာန Online ပေါ်ကတဆင့် ပြုလုပ်တဲ့ ရုပ်သံမေးမြန်းခန်းမှာ နိုင်ငံခြားက IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုမရှိဘူးလို့ သူကငြင်းဆိုခဲ့ဘူးပါတယ်။ ဒီကနေ့ထိ ဖမ်းဆီးရမိသူပေါင်း ဖမ်းဆီးခဲ့သူပေါင်း ၆၁၂ ယောက်ရှိပြီး၊ စစ်ဆေးမှုအပြီး လွှတ်ပေးခဲ့သူအချို့ရှိပေမယ့် အမှုရင်ဆိုင်နေရဆဲဦးရေ ၅၉၃ ယောက်ရှိတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

XS
SM
MD
LG