သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေးကော်မရှင် ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းများ သွားရောက်


ဘင်္ဂလားဒေ့ရ်ှရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ
ဘင်္ဂလားဒေ့ရ်ှရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ အဖွဲ့ ၂ဖွဲ့ ခွဲပြီး ဘူးသီးတောင်၊ မောင်တောဒေသဘက်ကိုတဖွဲ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုတဖွဲ့ သွားရောက်ပြီးတော့ ကွင်းဆင်းလေ့လာနေတယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်ကြည်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သွားတဲ့ ကော်မရှင်အဖွဲ့ဝင်တွေကတော့ ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို အဖြေရှာဖို့အတွက် အဖွဲ့ ၂ဖွဲ့ ခွဲပြီး ဘူးသီးတောင်၊ မောင်တောအပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည်စခန်းတွေကို အခုရက်ပိုင်း အတွင်း သွားရောက်ပြီး ကွင်းဆင်းလေ့လာနေတာပါ။

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုအပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရော၊ မြန်မာပြည်ထဲကို ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကိုပါ အဖွဲ့ခွဲပြီး တွေ့ဆုံမေးမြန်းမှုတွေလုပ်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည် က အခုလို ရှင်းပြပါတယ်။

“အစီရင်ခံစာမှာ ပါတဲ့အချက်တွေပေါ့လေ ဘယ်လောက်အတိုင်းအတာအထိ မှန်ကန်မှုရှိသလဲ ဆိုတာကို ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ ဘင်္ဂလားဒေ့်အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ နဂိုတုန်းက လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ စစ်ဆေးခဲ့တဲ့နေရာလေးတွေပေါ့ နောက် ပုဂ္ဂိုလ်တွေပေါ့ အဲဒါတွေကို ပြန်ပြီးတော့ မေးမြန်းတာလေးတွေ စုံစမ်းတာလေးတွေ လုပ်တဲ့အစီအစဉ်တခုပေါ့ တဘက်က အဲဒီလိုလုပ်သလို၊ တဘက်ကလည်း တချို့ပြန်ဝင်လာကြတဲ့လူတွေကိုလည်း ထပ်မံပြီးတော့ လိုက်တွေ့ဆုံမေးမြန်းတဲ့အဖွဲ့တွေရှိပါတယ်။ အဲဒီတော့ မောင်တောဒေသ စုံစမ်းရေးကော်မရှင်အနေနဲ့ အဖွဲ့ခွဲပြီးတော့ အလုပ်လုပ်နေတယ်ဆိုတဲ့ သဘောပါပဲ ။ ကျနော်သိရသလောက်ကတော့ ဟိုဘက်အခြမ်းသွားတာကတော့ ဆရာအောင်ထွန်းသက်တို့၊ ဆရာဦးထွန်းမြတ်တို့ ဦးဆောင်ပြီးတော့ သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီဘက်မှာတော့ ဦးအောင်နိုင်တို့အဖွဲ့ဦးဆောင်တယ်လို့ ကျနော်တို့ သိရပါတယ်။”

ကော်မရှင်အနေနဲ့ စတုတ္ထအကြိမ်မြောက် ကွင်းဆင်းစစ်ဆေးတာဖြစ်ပြီး ရိုဟင်ဂျာတွေ အပေါ် စနစ် တကျ ညှဉ်းပန်းနှိပ်စက်မှုတွေရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို အဖြေရှာဖို့ စစ်ဆေးမှု တွေ လုပ်နေတာ ဖြစ်ပါတယ်။ အခုတခေါက် ကော်မရှင်ရဲ့ကွင်းဆင်းလေ့လာမှုကတဆင့် ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေ ခိုင်လုံမှု ရှိမရှိ သိနိုင်မယ်လို့ ဦးအောင်ကြည်က ဆိုပါတယ်။

“ သူတို့အစီရင်ခံစာမှာ ပါတဲ့အချက်တွေက ဘယ်လောက်အထိ ခိုင်မှာမှုရှိသလဲ သေချာမှုရှိသလဲဆိုတဲ့အချက်တွေပေါ့နော်၊ များသောအားဖြင့် ကျနော်တို့ ယူဆတာကတော့ တော်တော်များများက ချဲ့ကားထားတဲ့နေအထားမျိုးဖြစ်တယ်။စစ်ဆေးတဲ့လူတွေကလည်း ဒီကနောက်ဆုံးအခြေအနေ ဒီဘက်ခြမ်းကို မရောက်ကြသေးဘူး၊ နောက် နယ်မြေအခြေအနေလည်း သူတို့က မသိကြဘူးဆိုတော့ ထွက်ခွာသွားတဲ့လူတွေ ပြောသမျှစကားအားလုံးကိုအမှန်လို့ထင်ပြီးတော့ မှတ်တမ်းတင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သွားပြီးတော့ ကျနော်တို့ဆီက မေးမြန်းတဲ့ ပုဂ္ဂိုလ် တွေက ဒီဘက်က ကျေးရွာတွေရော နယ်မြေဒေသအခြေအနေတွေရော၊ ဒီဘက်ကဖြစ်စဉ်တွေရော အကုန်လုံးအသေးစိတ်သိရှိခဲ့ပြီးပြီ။ စုံစံလင်လင်လည်း ဒီဘက်က သတင်းအချက်အလက်တွေကို မေးမြန်းထားခဲ့ပြီးပြီ။ ဆိုတော့ ဟိုမှာ ပြန်ပြီးတော့ မေးတဲ့အခါမှာ နဂိုတုန်းက ထွက်ဆိုခဲ့တဲ့လူတွေကို တွေ့ချင်လည်း တွေ့မယ်။ မတွေ့ရင်လည်းမတွေ့ဘူးပေါ့လေ။ ဒါပေမယ့် တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သူတို့နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ် တွေကို ပြန်ပြီးတော့မေးမြန်းခြင်းအားဖြင့် ဟိုတုန်းက ထွက်ဆိုချက်တွေဟာ ဘယ်လောက်အထိ မှန်ကန်မှု ရှိသလဲ ၊ သတင်းအချက်အလက်အားဖြင့် ခိုင်မာမှုရှိသလား ဆိုတာလေးတွေပါ ဆန်းစစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ် ဘက်က ဒုက္ခသည်စခန်းတခုကို သွားရောက် ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်မှုတွေလုပ်ခဲ့သလို နောက်ရက်တွေမှာလည်း ဒုက္ခသည်စခန်း တချို့ကို ထပ်သွားဖို့ရှိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာတော့ ဖော်ပြထားပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် အချက် ၃၀ ပါတဲ့ ကြားဖြတ်အစီရင်ခံစာ တစောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့ တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှုတွေ လုပ်ပြီး နိုင်ငံသားစစ်ဆေး ရေး စနစ်တွေကို ပြန်လည်ပြင်ဆင်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ်ကြိုဆိုသလို ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုအမြန်ဆုံးအကောင်ထည်ဖော်မယ့်အကြောင်း ပြောဆို ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံကိုတော့ ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာ မသိရသေးဘဲ အစိုးရအနေနဲ့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်မယ့် အချိန်ကို ရက်အကန့်အသတ်မရှိ တိုးမြင့်ပေးထားတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG