သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ နယ်မြေစစ်ဆင်ရေး ရပ်နား


ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစခဲ့ဲတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေအားလုံးကို အဆုံးသတ်လိုက်ပါတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့ မောင်တောဒေသမှာ ပုံမှန် လုံခြုံရေးအခြေအနေနဲ့ လုံလောက်မှုရှိလာတာတဲ့အတွက်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူကလည်း ပြောပါတယ်။ မောင်တောဒေသအတွင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာအစီရင်ခံစာတွေ ထွက်ပေါ်လာပြီး မကြာမှီမှာပဲ၊ စစ်ဆင်ရေးတွေ ရပ်လိုက်ပြီဆိုတဲ့အကြောင်း မြန်မာအစိုးရဘက်က ပြောလာတာပါ။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ အမျိုးသား လုံခြံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက နိုင်ငံတကာ သံတမန်တွေကို ပြောဆိုခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ဒီတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ လက်နက်တွေကို ပြန်လည်ရရှိဖို့ စစ်တပ်က နယ်မြေရှင်းလင်းရေး ၄ လတာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အဲဒီ့ဒေသမှာ အခြေအနေ တည်ငြိမ်စပြုလာပြီဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ ဒါပေမယ့်လို့ နယ်မြေတည်ငြိမ်အေးချမ်းမှုရဖို့အတွက် လုံခြုံရေး တပ်တွေက ဆက်လက်တာဝန်ယူထားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ အဓိက ကျနော်တို့ နယ်မြေရှင်းလင်းရေးစပြီးတော့ လုပ်တဲ့ရည်ရွယ်ချက်က အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါတဲ့သူတွေ တွေ့ဖို့၊ နောက်တချက်က ပါသွားတဲ့ လက်နက်တွေ ပြန်ရဖို့ပေါ့။ အခုနောက်ပိုင်းမှာအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါတဲ့သူတွေကို ထိုက်သင့်သလောက် ဖမ်းဆီးရမိတာတွေ၊ အရေးယူတာတွေရှိတယ်။ လက်နက်တွေလည်း အသင့်သင့် ပြန်ရတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ နယ်မြေဒေသရဲ့ အဓိက အခုဆောင်ရွက်နေတဲ့အခြေအနေက ဘာလဲဆိုတော့ တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေ စိုးမိုးရေးကိစ္စ အဲဒါတွေလုပ်တာဖြစ်တယ်။ ဆိုတော့ တပ်မတော်နဲ့ ရဲနဲ့ပေါင်းပြီး လုပ်နေတဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးဆိုတာက မရှိတော့ဘူး။ အခုလုပ်နေတာက ရဲတပ်ဖွဲ့ကပဲ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေပဲလုပ်နေတာဖြစ်တယ်။”

နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကို ဇန်နဝါရီလကုန်ပိုင်းကတည်းက ရပ်တန့်လိုက်တာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ။် မောင်တောဒေသက လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် အဲဒီ့ဒေသကို မကြာသေးမီရက်ပိုင်းအတွင်း သွားရောက်ခဲ့တဲ့ ဦးမင်းအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ၁၃-၁၄ပေါ့နော် ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်က ကျနော်တို့ ဘူးသီးတောင်ကို ရောက်တယ်။ အေးအေးချမ်းချမ်းပဲ သွားလာလှုပ်ရှားနေတာတို့တွေ့တယ်ခင်ဗျ။ ဘာမှ ကျနော်တို့ သွားတဲ့နေရာမှာလည်း လုံခြုံရေးယူပြီးတော့ သွားတာလည်းမရှိဘူး။ ကျနော်တို့ မြို့လုပ်ငန်းတွေ၊ ရွာမှာ လုပ်ငန်းလေးတွေ လုပ်နေတာတွေ စီမံကိန်းလုပ်ငန်းလေးတွေ သွားပြီးကြည့်တာပေါ့နော် ဒီအတိုင်းပဲ ပြည်သူတွေ၊ နောက် မွတ်စလင်အသိုင်းအဝိုင်းဆိုလည်း ဒီအတိုင်းပဲ ၊ သွားလာလှှုပ်ရှားနေတာတွေ ရွာတွေမှာ တွေ့ပါတယ်။ ပုံမှန်ပါပဲ အကုန်လုံး ဘာမှ စိုးရိမ်တဲ့ပုံတွေ မရှိပါဘူး။”

နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသက အကြမ်းဖက်မှုတွေကြောင့် မွတ်စလင် အသိုင်းအဝိုင်း ၆ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထားပါတယ်။ ဒီဒေသတစ်ဝိုက်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး တစ်လျှောက်လုံး လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုကာနိုင်ငံတကာ အသိုင်းအဝိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လို့ ဒီစွပ်စွဲမှုတွေဟာ ချဲ့ကားပြောဆိုမှုဖြစ်တယ်လို့ အစိုးရ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေက တုံ့ပြန်ထားပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်လို့ စစ်တပ်ရော ရဲတပ်ဖွဲ့အတွင်းမှာပဲ ဌာနတွင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး၊ မမှန်မကန်လုပ်မှုတွေအပေါ်မှာ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ်နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပြီလို့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်က သံတမန်တွေကို တွေဆုံပြီး ပြောကြားလိုက်တာဟာ နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့်လားဆိုတာကိုတော့ ဦးဇော်ဌေးက ငြင်းဆန်ပါတယ်။

“မဆိုင်ဘူးခင်ဗျ၊ နိုင်ငံတကာ ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်တာကတော့ ဒါတပ်မတော်ရဲ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတယ် ။ အဲဒီ ရဲတပ်ဖွဲ့ နဲ့ ဆိုင်တဲ့အဖွဲ့ဖွဲ့ထားတယ်။ ဒါကတပိုင်း၊ နောက်လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဒုတိယသမ္မတ ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားတယ် ဒါတွေဖွဲ့ပြီးတော့ ဆောင်ရွက်နေတယ်။ ဒါကတော့ တပ်မတော်က နယ်မြေအခြေအနေ ၊ ဒေသအခြေအနေပေါ်မှာ မူတည်ပြီးတော့ အခြေအနေ ပိုမိုကောင်းမွန်လာတာနဲ့ အမျှ ကျနော်တို့ ၁၄၄ ကို ရုပ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီး ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ နိုင်ငံတကာ ရဲ့ဝေဖန်မှုတွေကို တုန့်ပြန်သွားဖို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ အဲဒီ့ဒေသကို ထပ်မံကွင်းဆင်း လေ့လာမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကတော့ အဲဒီ့ဒေသကို လွတ်လပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို သွားရောက်စိစစ်ခွင့်ပြုဖို့ အာဏာပိုင်အဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

မောင်တောဒေသ နယ်မြေစစ်ဆင်ရေး ရပ်နား
please wait

No media source currently available

0:00 0:04:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG