သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသအတွက် မလေးရှားအကူအညီသင်္ဘော ဆိုက်ရောက်


ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ရာ ဒေသတွေက မောင်တောနဲ့ ဘူးသီးတောင်ဒေသအပါအဝင် ဒေသတွင်း လိုအပ်မယ့် နေရာတွေကို လူသားချင်းစာနာရေး အကူအညီတွေ ပံပိုးကူညီသွားဖို့အတွက် မလေးရှားနိုင်ငံကနေ အစားအသောက်နဲ့ ဆေးဝါး တန်ချိန် ၂၀၀၀ ကျော် သယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးဟာ ဒီကနေ့မှာပဲ မြန်မာအစိုးရထံ အကူအညီတွေ လွဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ဒီအထောက်အပံတွေကို ရခိုင်ပြည်နယ် အစိုးရကနေတစ်ဆင့် ပဋိပကက္ခဖြစ်ခဲ့တဲ့ ဒေသတွေက နှစ်ဖက်အသိုင်းအဝိုင်းကြား ခွဲခြားမှူမရှိပဲ ကူညီဝေမျှသွားမယ်လို့ လူမှူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံကိုတော့ အကူအညီလွဲပြောင်းရာ သီလဝါ ဆိပ်ကမ်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ရာဒေသတွေက ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးအထောက်အပံတွေ ပံပိုးကူညီသွားဖို့ မလေးရှားနိုင်ငံက သင်္ဘောတစ်စီး ဒီကနေ့ မှာပဲ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ဆိုက်ရောက်လာပါပြီ။ ဒီသင်္ဘောကို Food Flotilla For Myanmar မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခအကူအညီလို့ နာမည်ပေးထားပြီး မလေးရှား လူမှူအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အစားသောက် ဆေးဝါး နေ့စဉ်သုံး ပစ္စည်းတွေ အဝတ်အထည် နဲ့ စောင်စတဲ့ လူသုံးပစ္စည်း တန်ချိန် ၂၃၀၀ တင်ဆောင်လာတာဖြစ်ပါတယ်။

ဒီထောက်ပံရေး ပစ္စည်းတွေကို မြန်မာအစိုးရ လူမှူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လက်ခံရယူခဲ့ပြီး ရခိုင်ပြည်နယ်ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားအနေနဲ့ ရခိုင်ပြည်နယ်အတွက် အခုလိုမျိုး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပံပိုးကူညီတဲ့အပေါ်မှာ လူမှူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခုလို ပြောပါတယ်။

“အခု မလေးရှားနိုင်ငံကနေ ကူညီထောက်ပံတဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဒဏ်ခံခဲ့ကြရတဲ့ ဒေသခံတွေအတွက် အကျိုးရလဒ် ကြီးမားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း မလေးရှားနိုင်ငံက အကြံပြုထားတဲ့အတိုင်း ပဋိပက္ခဖြစ်ရာ ဒေသတွေက အသိုင်းအဝိုင်းတွေကြား ဒီအထောက်အပံတွေကို ကူညီဝေမျှသွားဖို့ စီစဉ်ထားပါတယ်။ မလေးရှားအစိုးရရဲ့ အခုလို ကူညီမှူဟာ ဒေသတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား စည်းလုံးညီညွှတ်မှူနဲ့ နားလည် ယုံကြည်မှူ တည်ဆောက်ရာလည်း ကျပါတယ်။” လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မလေးရှား နိုင်ငံကနေ စတင်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခတင်သင်္ဘော Nautrical Alliya ကို မြန်မာရေတပ် စစ်သင်္ဘော တစ်စင်းက စောင့်ရှောက်ပြီး ရန်ကုန်ဆိပ်ကမ်းကို ခေါ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအကူအညီတွေကို ရခိုင်ပြည်နယ် အစိုးရကနေတစ်ဆင့် မောင်တော ဘူးသီးတောင်ဒေသတွေအပါအဝင် ဒေသတွင်း လိုအပ်တဲ့ နေရာတွေကို ထောက်ပံ ကူညီသွားဖို့ စီစဉ်ထားတာပါ။ ဒီသင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ စားနပ်ရိက္ခာ နဲ့ ဆေးဝါး စုစုပေါင်း ဒေါ်လာ ၁ သန်းကျော် ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ ကူညီတာဖြစ်တယ်လို့ ဒီအကူအညီလွဲပြောင်းပွဲမှာ တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတွေကြား ယုံကြည်မှုတည်ဆောက်ရမှာဖြစ်ပြီး အကူအညီတွေ လွဲပြောင်းပေးဖို့အတွက် အတူလက်တွဲလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“အထောက်အပံ့ပစ္စည်းတွေ အစိုးရကိုလွှဲပြောင်းပေးလိုက်ပါပြီ။ ဖြန့်ဖြူးရေးကိုလည်း သူတို့ကဘဲ လုပ်ပေးမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တချိန်လုံး အဆိုးမြင်နေလို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတွေအကြား ယုံကြည်မှု တည်ဆောက်ကြမှဖြစ်မှာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နက်နက်နဲနဲ စိုးရိမ်မကင်းဖြစ်ရတာတွေကို အလေးအနက်ထုတ်ဖေါ်ပြောဆိုထားပြီးဖြစ်ပေမယ့်၊ ဒီနေရာမှတင် ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ သူတို့တကယ်ရှိနေတဲ့နေရာမှာ ဒီပစ္စည်းတွေလွှဲပြောင်းပေးနိုင်ဖို့အတွက် အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။”

ဒီအထောက်အပံအကူအညီတွေကို မကြာမှီရက်ပိုင်းမှာပဲ ရခိုင်ပြည်နယ်ကို တင်ပို့သွားမှာဖြစ်ပြီး ပဋိပက္ခာဖြစ်ရာ ဒေသတွေက ရခိုင်နဲ့ မူစလင် အသိုင်းအဝိုင်းနှစ်ခုကြား မျှမျှတတ ကူညီထောက်ပံသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“အမှန်မှန်တော့ ကျနော်တို့က ဒီပစ္စည်းတွေကို ခုနစကတည်းကနေပြီးတော့ သံအမတ်ကြီးနဲ့လည်း ကျနော်တို့ စကားပြောပြီးပါပြီ၊ ဒီပစ္စည်းတွေ ရောက်လာတယ်၊ ရောက်လာရင် တပ်မတော်ရေယာဉ်က ကူညီမယ်၊ ကူညီပြီးတော့ ဖြစ်တဲ့ စစ်တွေကို ကျနော်တို့ ပို့ပေးမယ် အဓိက မောင်တောဒေသ affected conflict ဖြစ်သွားတဲ့နေရာ ကလူတွေအားလုံးနဲ့ဆိုင်ပါတယ်။”

စားနပ်ရိက္ခာသင်္ဘော Nautical Aliya ဟာ ရန်ကုန် သီလဝါ ဆိပ်ကမ်းမှာ ထောက်ပံရေး ပစ္စည်းတွေ ပေးအပ် ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် မူစလင် ဒုက္ခသည်စခန်းတွေဆီကို ရိက္ခတွေပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ဒီသင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ဆေးပညာရှင်တွေ၊ ပညာရေး ကဣကျွမ်းကျင်သူတွေ၊ မလေးရှားနဲ့ နိုင်ငံတကာ သတင်းထောက်တွေအပြင် မလေးရှားနဲ့ နိုင်ငံတကာ လူမှူအဖွဲ့အစည်း NGO တွေက ကိုယ်စားလှယ်တွေ လိုက်ပါလာကြပါတယ်။ ဒီသင်္ဘောမရောက်လာခင် အချိန်အတော်အတွင်းမှာ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးတစ်ချီု့နဲ့ အမျိုးသားရေး လုပ်ရှားသူ လူပေါင်း ၅၀ လောက်ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး မရှိဘူးဆိုပြီး သီလဝါ ဆိပ်ကမ်း အပြင်မှာ ၃ နာရီကျော်ကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီ့အပေါ်မှာ မြန်မာအစိုးရဘက်ကကော မလေးရှား နိုင်ငံဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာအတွင်းဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေနောက်ပိုင်း မြန်မာအစိုးရအနေနဲ့ ဒေသတွင်း အာဆီယံ နိုင်ငံတွေက လူသားချင်းစာနာရေး ထောက်ပံအကူအညီတွေ ရယူတာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်လေးမှာ အင်ဒိုနီးရှားနိုင်ငံကနေ ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ထောက်ပံ ကူညီခဲ့တာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG