သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ကူညီရေး မလေးရှားသင်္ဘော မကြာမီရောက်တော့မည်


 ထောက်ပံကူညီမယ့် ရိက္ခာနဲ့ ဆေးဝါးတွေတင်တဲ့ Nautical Aliya မလေးရှားသင်္ဘော
ထောက်ပံကူညီမယ့် ရိက္ခာနဲ့ ဆေးဝါးတွေတင်တဲ့ Nautical Aliya မလေးရှားသင်္ဘော

ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် Food Flotilla for Myanmar လို့နာမည်ပေးထားတဲ့ မလေးရှား NGO ညွန့်ပေါင်းအဖွဲ့ကြီးရဲ့ ထောက်ပံ့ကူညီမယ့် ရိက္ခာနဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ Nautical Aliya မလေးရှားသင်္ဘောဟာ မနက်ဖြန် အင်္ဂါနေ့မှာ ထိုင်းရေပိုင်နက်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းအယောက် ၂၀၀နဲ့အတူ အစားအစာနဲ့ ဆေးဝါး တန်ချိန်ပေါင်း ၂၃၀၀ ကိုတင်ဆောင်လာတဲ့ အဲဒီသင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းကို ဖေဖေါ်ဝါရီလ (၈)ရက်နေ့မှာ ဆိုက်ကပ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီး ပြောပြမှာပါ။

Nautical Aliya မလေးရှားသင်္ဘောဟာ ဖေဖေါ်ဝါရီလ (၃)ရက် သောကြာနေ့က မလေးရှားနိုင်ငံ Klang ဆိပ်ကမ်းကနေ စတင်ထွက်ခွာချိန်မှာ သင်္ဘောစက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်(၁၀)နာရီလောက် ရပ်နားခဲ့ရပြီးမှ ပြန်ပြီးထွက်ခွာနိုင်တာဖြစ်ပါတယ်။

ဒါအပြင် နောက်ထပ် အခက်အခဲ အဖြစ် ရာသီဥတုဆိုးရွားမှုနဲ့လည်း သူတို့ ရင်ဆိုင်ခဲ့ရကြောင်း Food Flotilla for Myanmar အဖွဲ့ရဲ့ Facebook စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ ရိက္ခာနဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘော မလေးရှားဆိပ်ကမ်းကနေထွက်ခွာမယ့် အခမ်းအနားကို မလေးရှားဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် တက်ရောက်ပြီး အခုလိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ရိုဟင်ဂျာတွေခံစားခဲ့ရတာတွေအားလုံးကို မေ့နိုင်မှာ မဟုတ်ပဲ ကျနော်တို့အားလုံး တတ်နိုင်သမျှကူညီသွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက ဒုက္ခရောက်နေသူတွေကို သွားရောက်အကူအညီပေးမယ့် မလေးရှားအစိုးရနဲ့ NGO အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုကြောင်း မြန်မာ-ရိုဟင်ဂျာများအသင်း ယူကေ ဥက္ကဌ ဦးထွန်းခင် က အခုလိုပြောပါတယ်။

“မလေးရှားက ဝန်ကြီးချုပ်အပါအဝင် မလေးရှားပြည်သူလူထုက လှုပ်ရှားမှုတွေကို ရိုဟင်ဂျာကျနော်တို့အားလုံးက တော်တော်လေး ကြိုဆိုပါတယ်။ အဓိက မောင်းတောဒေသကို ရောက်အောင် သူတို့ ပို့ပေးဖို့၊ အဲဒီမှာ တော်တေ်ာလေးကို အခြေအနေဆိုးနေပါတယ်။ Displaced ဖြစ်တဲ့ ရိုဟင်ဂျာတွေက အိုးမဲ့အိမ်မဲ့ စွန့်ခွာပြီးတော့ အစားအသောက်မရှိ သူတို့ကို သေသေချာချာကို စနစ်တကျ သူတို့ဆီရောက်အောင် ပစ္စည်းတွေကို ပေးဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။”

ဖေဖေါ်ဝါရီလ (၈)ရက်နေ့လောက်မှာ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောဆိုက်ရောက်မယ်လို့ ခန့်မှန်းထားကြပြီး သင်္ဘောဆိုက်ရောက်ချိန်မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သွားရောက်လက်ခံယူမှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ရခိုင်ကို ပေးပို့မှာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရကနေတဆင့် မောင်တောအပါအဝင် ဒေသတွင်း လိုအပ်တဲ့ နေရာတွေကို ဖြန့်ဖြူးပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Food Flotilla for Myanmar လို့နာမည်ပေးထားတဲ့ မလေးရှား NGO ညွန့်ပေါင်းအဖွဲ့ကြီးဦးဆောင်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို လက်ခံတာဟာ ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာရဲ့ ထောက်ပံမှုကို မြန်မာအစိုးရက လမ်းဖွင့်ပေးတဲ့ အစီအစဉ်တွေထဲက တခုဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာလူ ၅၀၀၀ အတွက် ဆေးဝါးတွေအကူအညီပေးဖို့နဲ့ ဒုက္ခသည်အယောက် ၂၀၀၀၀က နေ ၃၀၀၀၀ အထိ ရိက္ခာတွေပေးဖို့ တင်ဆောင်လာပါတယ်။

Nautical Aliya မလေးရှားသင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းဆိုက်ရောက်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ ရိက္ခာတွေ ပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG