သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လူဝင်မှုအမိန့် မြန်မာဒုက္ခသည်အခြေချမှု အခက်ကြုံ


ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်တွေ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်တွေ

အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက်အခြေချမယ့် ဒုက္ခသည်တွေကို သမ္မတ Donald Trump ကကန့်သတ်လိုက်တဲ့အတွက် အမေရိကန်မှာ အခြေချနိုင်ဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်နည်းသွားတယ်လို့ အမေရိကန်ကို မြန်မာဒုက္ခသည်တွေလာရောက်နိုင်ရေး ကူညီပေးနေသူတွေက ပြောလိုက်ပါတယ်။ ဘယ်နိုင်ငံက ဒုက္ခသည်မဆို အမေရိကန်ထဲ ရက်ပေါင်း ၁၂၀ အတွင်း လာရောက်ခွင့်မရှိသလို ၂၀၁၇ ခုနှစ်အတွင်း လက်ခံမယ့် ဒုက္ခသည်အရေအတွက်ကိုလည်း ၅၀ ရာခိုင်နှုန်းကျော် လျှော့ချတယ်လို့ သမ္မတ Trump ကအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအမိန့်ကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲဆိုတာကို မစုမြတ်မွန်က ဆက်လက်တင်ပြပါမယ်။

သမ္မတ Donald Trump က သမ္မတလုပ်ပိုင်ခွင်နဲ့ အမေရိကန်ပြည်ထောင်စုထဲ နိုင်ငံခြားကအကြမ်းဖက်သမားတွေဝင်လာမှာကို ကာကွယ်တားဆီးတဲ့ ဥပဒေကို January လ ၂၇ ရက် ပြီးခဲ့တဲ့သောကြာနေ့က လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအမိန့်အရ ဘယ်နိုင်ငံဒုက္ခသည်မဆို ရက် ၁၂၀ အတွင်း အမေရိကန်ထဲ ဝင်လာခွင့်ကို ပိတ်ခဲ့ပါတယ် ဆီးရီးယားကဆိုရင်တော့ အကန့်အသတ်မရှိဝင်လာခွင့်ကို ပိတ်ထားတဲ့အပြင် မွတ်ဆလင်အများစုရှိတဲ့ နိုင်ငံ ၇ နိုင်ငံကဆိုရင်တော့ အမေရိကန်ထဲမှာ အခြေချနေထိုင်နေသူတွေရော တရားဝင် ပြည်ဝင်ခွင့် Visa ရထားသူတွေပါ နိုင်ငံထဲကို ရက် ၉၀ အတွင်း ပြန်လည်ဝင်လာခွင့် မရှိဘူးလို့ ကန့်သတ်လိုက်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်က လက်ခံမယ့်ဒုက္ခသည်အရေအတွက်ကို ၁ သိန်း ၁ သောင်းကနေ ၅ သောင်းအထိကို လျှော့ချလိုက်ပါတယ်။ ခုလို အမေရိကန်ထဲဝင်လာမယ့်သူတွေအပေါ် ကြပ်ကြပ်မတ်မတ် စိစစ်နေတဲ့အပေါ် ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေချိန်မှာ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကတော့ အစိုးရရဲ့လုပ်ရပ်ကို တနင်္လာနေ့သတင်းစာရှင်းပွဲမှာ ခုလိုကာကွယ်ပြောကြားခဲ့ပါတယ်။

“သမ္မတလုပ်ပိုင်ခွင့်နဲ့ထုတ်ပြန်ခဲ့တဲ့ အမိန့်အတိုင်း ဆောင်ရွက်ရမဲ့ကိစ္စတွေအားလုံး အခုအချိန်မှာ ဘာမှအပြောင်းအလဲမရှိ အသက်ဝင်နေပါတယ်။ တကယ်လို့ ပြဿနာတစုံတရာရှိမယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။”

Trump အစိုးရသစ်ရဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေကြောင့် အမေရိကန်မှာ ဒုက္ခသည်အခြေချနေထိုင်ရေး အစီအစဉ်နဲ့ လာမယ့် မြန်မာနိုင်ငံက ဒုက္ခသည်တွေကိစ္စ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ လက်ရှိမှာမရေမရာ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေလာရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမေရိကန် မြန်မာလူမှုရေးအသင်း BACI ဘုတ်အဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဒေါက်တာ Ro Dinga ကခုလို ပြောပါတယ်။

“အဲဒီရဲ့ သက်ရောက်မှုက ဘယ်အထိ အောက်ခြေမှာပေါ့နော် မလေးရှား၊ ထိုင်း- မြန်မာ နယ်စပ်၊ အိန္ဒိယ မြန်မာပြည် ဒုက္ခသည်တွေဆီမှာ ဘယ်လောက်အထိ သက်ရောက်သလဲဆိုတာ ကျနော်တို့တိတိကျကျ မသိရသေးဘူး။ အခုလို ရက်ပိုင်းအတွင်းမှာ အဲဒီအမိန့်က ရုတ်တရက်ကြီးထွက်လာတော့ အားလုံးကလည်း shock ဖြစ်သွားတယ်ပေါ့နော်၊ ကျနော်တို့လည်း သတင်းအချက်အလက်တွေ ဒီ State Department တို့ ကိုဆက်သွယ်လည်း တိတိကျကျ အဖြေမရသေးဘူးဖြစ်တယ်။ နောက် ဒုက္ခသည်တွေ လက်ခံဖို့လုပ်တဲ့ အဓိက State Department တို့ Homeland Security တို့က ထိပ်တန်းအရာရှိ ၄ ယောက်ကလည်း နုတ်ထွက်သွားတာ ကျနေ်ာတို့ တွေ့ရတယ်။ ကျနော်တို့ ဘက်ကလည်း ဘာဆက်လုပ်ရမလဲ၊ ဘယ်လို ပုံစံနဲ့ ချဉ်းကပ်ရမလဲဆိုတာကတော့ ကျနော်တို့ တိတိကျကျ အဖြေအခုထိ မရှိသေးဘူး ဖြစ်တယ်။ ကျနော်တို့ တတ်နိုင်သလောက်တော ကြိုးစားပြီးတော့ ပြန်ပြီးတော့ လုပ်မှာ ဖြစ်ပါတယ်။”

၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ကိုလာရောက်အခြေချသူ မြန်မာနိုင်ငံက ဒုက္ခသည် ၁ သောင်း ၂ ထောင် ၃ ရာ ၄ ဆယ့် ၇ ယောက်ရှိခဲ့ပါတယ်။ စုစုပေါင်းလက်ခံတဲ့ထဲမှာ မြန်မာနိုင်ငံဒုက္ခသည်အရေအတွက် တတိယအများဆုံးဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် သမ္မတဟောင်း Barack Obama က မြန်မာနိုင်ငံက ဒုက္ခသည်စုစုပေါင်း ၁ သောင်း ၄ ထောင်ကို အမေရိကန်မှာ အခြေချနေထိုင်ဖို့ ၂၀၁၆ အောက်တိုဘာ ၁ ရက်နေ့က လက်ခံခွင့်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်ကိုရောက်လာပြီးသူတချို့ရှိသလို လာဖို့ဆောင်ရွက်နေကြသူတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် အခုသမ္မတသစ် Trump ရဲ့ ဆောင်ရွက်မှုသစ်ကြောင့် ထိုင်း၊ မလေးရှား၊ India စတဲ့နိုင်ငံတွေမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ အမေရိကန်ကို လာနိုင်ဖို့ မျှော်လင့်ချက် အတော်နည်းသွားတယ်လို့ ဒေါက်တာ Ro Dinga ကသုံးသပ်ပါတယ်။

“ ၂ ပိုင်းဖြစ်သွားမယ်၊ ပထမကတော့ ဒီအမိန့်ထုတ်ပြီးတာနဲ့ ၄ လအတွင်းကတော့ ဘယ်သူမှ ဝင်လို့မရဘူး၊ အဲဒါကတော့ သေချာတယ်။ ၄ လဆိုတာက Minimum ၁၂၀ ရက်ဆိုတော့ ၄ လထက် နည်းနည်းပိုရင်လည်း ပိုမယ်ပေါ့နော်၊ အဲဒီကာလမှာ သူတို့ စီစစ်မယ်၊ စီစစ်ပြီးရင် ၅ သောင်းကိုပဲ လက်ခံမယ်ဆိုတော့ အဲဒီ ၅ သောင်း လက်ခံတဲ့အထဲမှာ အမေရိကန်လုံခြုံရေးကို မထိပါးမယ့်လူတို့ ၊ အမေရိကန်အတွက် အကျိုးဖြစ်ထွန်းမယ့်လူကိုပဲ လက်ခံမယ်ဆိုပြီး စကားလုံး သုံးနှုန်းထားတာဆိုတော့၊ အရင်က သမ္မတ အိုဘားမား လက်ခံခဲ့တဲ့ ၁ သောင်း ၄ ထောင်ထက် တော်တော်ကြီးနည်းမယ်ဆိုတာကတော့ ကျနော်တို့ပြောလို့ရပါတယ်။

မေး။ ။ အဲဒီတော့ အမေရိကန်မှာ အခြေချဖို့စောင့်နေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ အမေရိကန်နိုင်ငံထဲကို လာနိုင်ဖို့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တော်တော်လေးနည်းသွားမယ်ဆိုတဲ့ သဘောပါလား။

ဖြေ။ ။ ဟုတ်တယ် တော်တော်လေးနည်းသွားမယ် ဒီစာရင်းတွေအရပေါ့နော်၊

မေး။ ။ သမ္မတ Trump လက်ခံမယ်ဆိုပြီးပြောထားတဲ့ ဒီ ဒုက္ခသည် ၅ သောင်းထဲမှာ မြန်မာနိုင်ငံက ဒုက္ခသည်အများဆုံး ပါနိုင်သမျှပါအောင်ပေါ့နော်၊ ဒေါက်တာ Ro Dinga တို့အနေနဲ့ ဘယ်လိုများ ကြိုးစားသွားဖို့ စဉ်းစားထားပါသလဲရှင့်။

ဖြေ။ ။ ကျနော်တို့အရင်ရှိပြီးသား State Department တို့၊ State Department အောက်မှ ဒီ Refugee နဲ့ ပတ်သက်တဲ့ USRAP (US Refugee Admission Program) အဲဒီက အရာရှိတွေ၊ တာဝန်ခံတွေနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ အတတ်နိုင်ဆုံး မြန်မာပြည်သားတွေ အမေရိကန်ပြည်ထောင်စုကို ခိုလှုံခွင့်ရဖို့ ကျနော်တို့ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။”

အမေရိကန်ကလက်ခံမယ့် ဒုက္ခသည်တွေထဲမှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေ အထူးသဖြင့် ဆီးရီးယားက လူနည်းစုခရစ်ယာန်ဘာသာဝင်တွေကို ဦးစားပေးမယ်လို့ သမ္မတ Trump ကရုပ်သံဌာနတချို့နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ ဒီလိုပြောခဲ့တာက အရှေ့အလယ်ပိုင်းမှာ ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေကိုပဲပြောတာလား အာရှက လူနည်းစုခရစ်ယာန်ဘာသာဝင်တွေရော ပါသလားဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဒုက္ခသည်တွေ အမေရိကန်မှာ လာရောက်အခြေချနိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ Ro Dinga က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG