သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့ လူဝင်မှုကြီးကြပ်ကန့်သတ်မှုအမိန့်ကို ကန်ပြည်ထောင်စုတရားရုံး ကြားဝင်ဆုံးဖြတ်


Chicago လေဆိပ်တွင် ဆန္ဒပြနေစဉ်
Chicago လေဆိပ်တွင် ဆန္ဒပြနေစဉ်

မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ ခုက လူတွေ အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်လိုက်တဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်ကြောင့် ဒုက္ခသည်တွေ၊ အမေရိကန် ပြည်ထောင်စု အတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမားတွေ အမေရိကန် လေဆိပ်တွေမှာ ထိန်းသိမ်းခံရတာ၊ အမေရိကန်ကို ပျံသန်းမယ့် နိုင်ငံတကာ လေယာဉ်တွေမှာ လိုက်ပါခွင့် တားမြစ်ခံရတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီး နောက်မှာတော့ အမေရိကန် ပြည်ထောင်စု တရားရုံး တခုက ကြားဝင် ဆောင်ရွက်လာပါတယ်။

တရားဝင် ပြည်ဝင်ခွင့် ဗီဇာနဲ့ အမေရိကန် ပြည်ထောင်စုကို ဆိုက်ရောက်လာပြီးနောက် ဖမ်းဆီးခံထားရသူတွေကို ဌာနေပြန်ပို့မယ့် အရေး ယာယီတားဆီးတဲ့ အရေးပေါ် အမိန့်ကို နယူးယောက်က ခရိုင်တရားသူကြီး Ann Donnelly က မနေ့ စနေနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီတားမြစ်မိန့်ထဲမှာတော့ ဒုက္ခသည် လျှောက်ထားမှု အတည်ပြုချက် ရရှိထားသူတွေလည်း အကြုံးဝင်ပါတယ်။ အမိမြေ လုံခြုံရေး ဝန်ကြီးဌာနကတော့ တရားရုံး အမိန့်တွေ အတိုင်း လိုက်နာဆောင်ရွက်မယ်လို့ တနင်္ဂနွေနေ့ အစောပိုင်း ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေ အပေါ် နိုင်ငံတွင်း ဝင်ရောက်လာသူတွေရဲ့ ခြိမ်းခြောက်ခံရမှု မရှိစေရေး လုပ်ဆောင်တဲ့ သမ္မတရဲ့ အမိန့်ကိုလည်း လိုက်နာ ဆောင်ရွက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ သမ္မတ Trump ရဲ့ အမိန့်ကြေညာချက် လက်မှတ်ထိုး ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ အနည်းဆုံး ၁၇၀ လောက် ရှိပြီလို့လည်း ပြည်ထောင်စု အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြကြပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း အသစ်တွေ ကတော့ အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက်နိုင်ခြေ ရှိတယ်လို့ ယူဆခံရတဲ့ မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၇ နိုင်ငံက လူတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ နယူးယောက်၊ ဝါရှင်တန်၊ ဆန်ဖရန်စ္စကို နဲ့ တခြားမြို့တွေမှာလည်း ဒီအမိန့်အပေါ်မှာ ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG