သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TPP ကို တနိုင်ငံခြင်း သဘောတူညီချက်နဲ့ အစားထိုးမည်


အခုသီတင်းပတ် အစောပိုင်းက သမ္မတ Trump ပြောကြားခဲ့တဲ့အတိုင်း TPP လို့ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒယာရပ်ဝန်းဒေသနိုင်ငံတွေနဲ့ စုပေါင်း ချုပ်ဆိုမယ့် ကုန်သွယ်ရေး သဘောတူညီချက်ကို အစားထိုးမယ့် တနိုင်ငံချင်း ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားဖို့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က သံဓိဌာန် ပြုလိုက်ကြောင်း သမ္မတ Trump အစိုးရက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

စနေနေ့ မနက်အစောပိုင်းတုန်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သမ္မတ Trump တို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကား ပြောကြားခဲ့ကြပါတယ်။ ဒါဟာ သမ္မတ Trump အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စနေနေ့က တယ်လီဖုန်းနဲ့ စကားပြောကြားမယ့်အထဲက ပထမဆုံး ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂျပန်နဲ့ ပိုမို နက်ရှိုင်းတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး လုပ်ဆောင်သွားမှာဖြစ်ပြီး သူ့အစိုးရအနေနဲ့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက် သံမဏိလို ခိုင်မာစွာ ရပ်တည် လုပ်ဆောင်ပေးသွားဖို့ သံဓိဌာန်ပြုကြောင်းလည်း မစ္စတာ Trump က ကတိပြုလိုက်တယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံစုံပါဝင်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်အစား တနိုင်ငံချင်းစီနဲ့ သဘောတူ စာချုပ် ချုပ်ဆိုတာကို လိုလားကြောင်း မစ္စတာ Trump က ပြောဆိုထားတာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလည်း အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ တိုက်ရိုက် ပြုလုပ်သွားမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

မစ္စတာ Trump သမ္မတအဖြစ် ရွေးကောက် တင်မြောက်ခံရပြီး ၉ ရက်အကြာမှာ အဲဒီအချိန်က ရွေးကောက်ခံသမ္မတဖြစ်တဲ့ မစ္စတာ Trump ကို ဝန်ကြီးချုပ် Abe က ပထမဆုံး ကမ္ဘာ့ခေါင်းဆောင်တဦးအဖြစ် နယူးယောက်မြို့မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG