သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၂ နိုင်ငံ TPP ကုန်သွယ်ရေး သဘောတူညီမှု အတည်ပြုနိုင်ဖို့ Obama မျှော်လင့်


ပစိဖိတ်ဒေသနိုင်ငံ ၁၂ နိုင်ငံကြား သဘောတူထားတဲ့ ပစိဖိတ်ရပ်ဝန်း ဒေသနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် TPP ကို အမေရိကန် လွှတ်တော်က တဖြည်းဖြည်းတော့ အတည်ပြုလာလိမ့်မယ်လို့ သူ့အနေနဲ့ အကောင်းဖက်က မျှော်လင့်ထားကြောင်း သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ဒီမိုကရက် Hillary Clinton ရော ရီပတ်ဘလီကန် Donald Trump ကပါ TPP သဘောတူညီချက်ကို ဆန့်ကျင်နေချိန်မှာ သမ္မတ အိုဘားမားက The Straits Times သတင်းစာနဲ့ တနင်္လာနေ့က မေးမြန်းခန်းမှာ ခုလိုပြောကြားခဲ့တာပါ။

ရှေ့ပြေးနေတဲ့ နည်းပညာကြောင့် အလုပ်သမားအင်အား နည်းနည်းနဲ့ ထုတ်လုပ်မှု များများလုပ်နိုင်တဲ့ နိုင်ငံခြားတိုင်းပြည်တွေကို အမေရိကန် စီးပွားရေး လုပ်ငန်းတွေ ပြောင်းရွှေ့ကုန်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ကြရသူ အများအပြားရှိနေတဲ့ အမေရိကန်မှာ TPP သဘောတူညီချက် တခုလုံးအပေါ် လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိနိုင်ဖို့ ခက်ခဲတယ်ဆ ိုတာကိုတော့ သမ္မတ အိုဘားမားက အသိအမှတ်ပြုပါတယ်။

ကမ္ဘာတဝန်း ချိတ်ဆက်ဖြန့်ကြက်မှုအတွင်းနောက်ကျန်ရစ်နေတဲ့သူ အများအပြား ရှိနေတဲ့အပေါ် စိုးရိမ် စိတ်ပူနေကြသူတွေလဲ ရှိနေတာကြောင့် သူတို့ရဲ့ စိုးရိမ်စိတ်ကို အလေးအနက်ထား ဖြေရှင်းဖို့လိုတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါပေမဲ့ ဖြေရှင်းတဲ့နေရာမှာ ကိုယ့်နိုင်ငံတခုထဲကို ကြည့်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို မလုပ်သင့်တဲ့အကြောင်းနဲ့ စီးပွားရေးနဲ့ ထုတ်လုပ်ဖြန့်ဖြူးမှုအားလုံး တသားထဲ ချိတ်ဆက်နေတဲ့ ကမ္ဘာစီးပွားရေးမှာ ကုန်သွယ်ရေးကို ဥပက္ခာပြုလိုက်လို့လဲ မရဘူးလို့ သမ္မတအိုဘားမားက ထောက်ပြပါတယ်။

TPP ကုန်သွယ်ရေးသဘောတူညီချက်ဟာ အမေရိကန်အတွက် တင်မက ဒေသတွင်းနဲ့ တကမ္ဘာလုံးအတွက် ကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်တယ်လို့လဲ သမ္မတက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ဝါရှင်တန် ဒီစီ မြို့တော်ကို စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရောက်ရှိနေချိန်နဲ့တိုက်ဆိုင်ပြီး The Straits Times သတင်းစာက သမ္မတအိုဘားမားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် TPP ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကြား စင်္ကာပူနိုင်ငံ ပါဝင်ပါတယ်။ အမေရိကန်သမ္မတ Barack Obama ရဲ့ သမ္မတသက်တမ်း ဇန်နဝါရီလ ၂၀ ရက်နေ့ မကုန်ခင် ဒီသဘောတူညီချက်ကို အမေရိကန်လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတအိုဘားမားက လိုလားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG