နိုင်ငံတွေကြား ကုန်သွယ်ခွန်တွေလျှော့ချပြီး ကုန်သွယ်ရေးတိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကြား သဘောတူညီမှု ရရှိထားတဲ့ ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက် TPP ထဲကနေ နှုတ်ထွက်ဖို့ သူသမ္မတ တာဝန်ပထမဆုံး ထမ်းဆောင်တဲ့နေ့မှာ ဆောင်ရွက်မယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ပြောကြားခဲ့ပါတယ်။
သမ္မတ Barack Obama ရဲ့ အာရှနိုင်ငံတွေဘက် အာရုံပြောင်းစိုက်ခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဓိက အချက်တခုအနေနဲ့ ပါဝင်ခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကြီးကနေ အမေရိကန် နှုတ်ထွက်ခဲ့ရင် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေရဲ့ ကုန်သွယ်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို မစုမြတ်မွန်က စုစည်းတင်ပြပါတယ်။
ကမ္ဘာတဝှမ်းကုန်သွယ်ရေးရဲ့ ၄၀% ဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဘရုနိုင်း, နယူးဇီလန်, ကနေဒါ, မက္ကဆီကို, ချီလီ နဲ့ ပီရူး နိုင်ငံပေါင်း ၁၂ နိုင်ငံကြားမှာ ရရှိထားတဲ့ ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက် TPP ထဲကနေ ထွက်မယ်လို့ ရွေးကောက်ခံသမ္မတ Trump က သူ့ရဲ့ရက် ၁၀၀ အစီအစဉ် မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၇ နှစ်ကြာ ညှိနှိုင်းဆွေးနွေးပြီး ရရှိထားတဲ့ TPP သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ပါဝင်တဲ့နိုင်ငံတိုင်းမှာ အတည်ပြုဖို့ လိုပါတယ်။ အမေရိကန်လွှတ်တော်မှာ အခုထိ အတည်မပြုနိုင်သေးတဲ့ အဲဒီသဘောတူညီချက်ကို သူ သမ္မတတာဝန် ပထမဆုံးယူတဲ့နေ့မှာ ပြန်လည်ရုပ်သိမ်းပြီး အမေရိကန်တွေအတွက် ပိုအကျိုးရှိအောင် တနိုင်ငံချင်းစီနဲ့ အပြန်အလှန် သဘောတူညီချက်တွေရအောင် ပြန်လည်ညှိနှိုင်းမယ်လို့ Trump က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ TPP သဘောတူညီချက်ဟာ ကုန်သွယ်ရေးအတွက်ပဲ အကျိုးရှိစေတာမဟုတ်ဘဲ အလုပ်သမားတွေရဲ့ ဝင်ငွေကို တိုးစေမယ်။ ဉာဏဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်မယ်။ အလုပ်သမားအခွင့်အရေးနဲ့ အလုပ်ခွင်လုံခြုံရေးအတွက် အာမခံချက်ရှိမယ်လို့ ဒီသဘောတူညီချက်အပေါ် ထောက်ခံသူတွေက ပြောကြပါ တယ်။ ဝေဖန်သူတွေကတော့ ဒီသဘောတူညီချက်က လုပ်ငန်းကုမ္ပဏီကြီးတွေအတွက်ပဲ အကျိုးရှိစေပြီး၊ ဉာဏဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်မှာ ကန့်သတ်ချက်တွေ ပိုများစေလိမ့်မယ်လို့ ပြောကြပါတယ်။ TPP ဟာ ကုန်သွယ်ရေး သဘောတူညီချက် တခုတည်းမဟုတ်ဘူးလို့ သြစတြေးလျနိုင်ငံ New South Wales တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Carl Thayer က ခုလို ထောက်ပြပါတယ်။
“ဒီဟာက ကုန်သွယ်ရေး တခုတည်းနဲ့ ပတ်သက်တဲ့ သဘောတူညီချက် မဟုတ်ပါဘူး။ ဝန်ဆောင်မှုတွေ၊ ဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်ပေးမှုတွေ ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးကိစ္စတွေ ပါပါတယ်။ သိပ်ကို မြင့်မားတဲ့ စံချိန်စံနှုန်း သတ်မှတ်ချက်တွေနဲ့ သဘောတူထားကြတာပါ။ တရုတ်ကို သဘောတူညီချက်မှာ မထည့်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီစံတွေကို တရုတ်ဘက်က မပြည့်မီနိုင်တဲ့အတွက် မပါနိုင်ခဲ့တာပါ။”
ဒီသဘောတူညီချက်ကြောင့် အမေရိကန် အလုပ်အကိုင်တချို့ နိုင်ငံခြားကို ရောက်သွားနိုင်တာမှန်ပေမဲ့ ခြုံကြည့်ရင် အမေရိကန်တနိုင်ငံလုံးအတွက် အကျိုးအမြတ်တွေ ရှိနိုင်တယ်လို့ အမေရိကန်အခြေစိုက် The Council on Foreign Relations တတ်သိပညာရှင်များအဖွဲ့က အခု နိုဝင်ဘာလထဲမှာပဲ အစီရင်ခံထုတ်ပြန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကနေ အမေရိကန်နိုင်ငံ နှုတ်ထွက်သွားမယ်ဆိုရင် တရုတ်နိုင်ငံအတွက် ကုန်သွယ်ရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီး အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ လေလာသူတချို့ကလည်း ထောက်ပြကြပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍအပေါ် အကြီးအကျယ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်က နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ပါမောက္ခ Pavida Pananond က ဗွီအိုအေကို ပြောပါတယ်။
“TPP သဘောတူညီချက်ထဲ မပါတော့ဘူးဆိုရင် ကမ္ဘာ့နိုင်ငံတွေကြား ကုန်သွယ်ရေးအတားအဆီးတွေ မရှိစေတဲ့ ကမ္ဘာ့ရွာဝါဒမှာ အမေရိကန်က liberal အယူအဆနဲ့ ဦးဆောင်နေတဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်သွားမလဲ၊ နောက် ဒေသတွင်းကုန်သွယ်မှုနဲ့ နိုင်ငံအများပါဝင်တဲ့ ကုန်သွယ်မှုတွေမှာ အမေရိကန်ရဲ့ကဏ္ဍက မှေးမှိန်သွားပါလိမ့်မယ်။ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံစည်းကမ်း ဥပဒေတွေ ချမှတ်တဲ့နေရာမှာလည်း အမေရိကန်ရဲ့ကဏ္ဍက အရေးကြီးတဲ့နေရာကနေ ပါတော့မှာ မဟုတ်ပါဘူး။”
TPP သဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ရင် အထိအနာဆုံးဖြစ်မှာက ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် တချို့ကလည်း သုံးသပ်ကြပါတယ်။ ခုလို အာဆီယံအဖဲ့ွဝင်တွေ ထိခိုက်ရင် မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။ သွယ်ဝိုက်သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ကိုလှဘုန်းမြင့်က သုံးသပ်ပါတယ်။
“TPP နဲ့ တိုက်ရိုက် မြန်မာပြည်အပေါ် သက်ရောက်မှုကတော့ မရှိခဲ့ပါဘူးခင်ဗျ။ မြန်မာနိုင်ငံက တိုက်ရိုက် ပတ်သက်တာ မဟုတ်ပါဘူး။ သွယ်ဝိုက်ပြီး ပတ်သက်တာဖြစ်တဲ့အတွက် တခြားသော အာဆီယံနိုင်ငံတွေက TPP ထဲမှာ ပါနေတဲ့အတွက် ထိုနိုင်ငံတွေနဲ့ ပြုလုပ်တဲ့ TPP ပျက်သွားတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုလည်း တနည်းမဟုတ် တနည်းနဲ့ ထိရောက်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ကာ မြန်မာနိုင်ငံက အာဆီယံစီးပွားရေးအသိုင်းအဝိုင်းနဲ့ AEC နဲ့ ပါဝင်ပတ်သက်နေတဲ့အတွက် အခု ဗီယက်နမ်၊ မလေးရှားတင် မဟုတ်ပါဘူးခင်ဗျ။ တခြား ဘယ်အာဆီယံနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ ထိရောက်မှုရှိရင် မြန်မာနိုင်ငံအပေါ် တနည်းမဟုတ် တနည်းနဲ့တော့ ရှိနေမှာပါ။”
TPP သဘောတူညီချက်မှာ ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရုတ် အပါအဝင် အာရှပစိဖိတ်နိုင်ငံတချို့နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် အကျိုးအမြတ်တွေကို အာဆီယံအဖွဲ့ကြီးကနေ ယူလို့ရနိုင်ပါတယ်လို့ စီးပွားရေးပညာရှင်တချို့က ပြောပါတယ်။ တရုတ်နိုင်ငံက အခုတည်းက အာရှပစိဖိတ်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးတိုးချဲ့ဖို့ ကြိုးစားနေပြီလို့ ထိုင်းနိုင်ငံအခြေစိုက် Hatton Capital ရဲ့စီးပွားမိတ်ဖက် Triphon Phumiwasana က ဗွီအိုအေကို ပြောပါတယ်။
“တရုတ်က ကုန်သွယ်ရေးကို တိုးချဲ့နိုင်ဖို့လုပ်မှာပါ။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် သူတို့က ဆက်ပြီး လုပ်သွားပါလိမ့်မယ်။ အမေရိကန်က ပြည်တွင်းကိစ္စတွေအပေါ် အာရုံစိုက်တာက တရုတ်အတွက် အခွင့်ကောင်းပဲလေ။ တရုတ်ကတော့ ပြည်ပအခြေအနေကို ပိုပြီး ထည့်သွင်း စဉ်းစားလာပါတယ်။”
အာဆီယံနိုင်ငံတွေအပြင်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေပါဝင်တဲ့ Regional Comprehensive Economic Partnership (RCEP) ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို အောင်မြင်ဖို့ တရုတ်က တွန်းအားပေးလာမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီသဘောတူညီမှုကနေ အာရှနိုင်ငံတွေအနေနဲ့ အကျိုးအမြတ်တွေ ရနိုင်မှာဖြစ်ပေမဲ့ အာရှပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက် TPP အကောင်အထည်မဖော်နိုင်လို့ နစ်နာဆုံးရှုံးမှုတွေကိုတော့ အပြည့်အဝ ကာမိနိုင်မှာ မဟုတ်ဘူးလို့ ပညာရှင်တချို့က ပြောနေပါတယ်။