သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ကျိုးစီးပွား ကာကွယ်မှု ဆန့်ကျင်ဖို့ APEC ခေါင်းဆောင်တွေ တိုက်တွန်း


ပီရူးနိုင်ငံ Lima မှာ ကျင်းပနေတဲ့ APEC အာရှပစိဖိတ် စီးပွါးရေးပူး ထိပ်သီး အစည်းအဝေးကို နိုင်ငံတကာ ခေါင်းဆောင်တွေတက်ရောက်
ပီရူးနိုင်ငံ Lima မှာ ကျင်းပနေတဲ့ APEC အာရှပစိဖိတ် စီးပွါးရေးပူး ထိပ်သီး အစည်းအဝေးကို နိုင်ငံတကာ ခေါင်းဆောင်တွေတက်ရောက်

အာရှပစိဖိတ် နိုင်ငံပေါင်း ၂၁ နိုင်ငံ ခေါင်းဆောင်တွေက ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာကွယ်ပေးမှု မရှိစေဖို့နဲ့ TPP ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်ကို ကာကွယ်ဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ကတိပေးရင်း ပီရူးနိုင်ငံ Lima မှာ ကျင်းပနေတဲ့ APEC အာရှပစိဖိတ် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ နှစ်ပါတ်လည် ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့မှာ အဆုံးသတ် လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ်အဖြစ် Donald Trump ကို ရွေးကောက်ခဲ့တဲ့နောက်ပိုင်းမှာ TPP ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်ဟာ ဆက်ပြီးတည်ရှိဖို့ မရေမရာ ဖြစ်လာနေတာပါ။

နိုင်ငံရေးအခြေနေ ဘယ်လိုပဲ ပြောင်းပြောင်း ရေရှည်တည်တံ့ပြီး မျှတမှုနဲ့ အားလုံး ကြီးပွါးတိုးတက်မှု ရှိမယ့် လမ်းကြောင်းကို ဦးတည်နေတဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အသစ်အတိုင်း ဆက်လက်ဆောင်ရွက်သွားကြဖို့ နိုင်ငံပေါင်း ၂၁ နိုင်ငံက အစည်းဝေး တက်ရောက် လာတဲ့ ခေါင်းဆောင်တွေက သံဓိဌာန်ချခဲ့ကြပါတယ်။

ဒီ TPP သဘောတူညီချက်ကို မစ္စတာ Trump က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အစည်းဝေး အပြီးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေကိုပဲ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေအတွက် အကာကွယ်ပေးမှုတွေနဲ့ သဘာဝဝန်းကျင် ထိမ်းသိမ်းရေး ဆိုင်ရာ စံသတ်မှတ်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ TPP ကုန်သွယ်ရေး သဘောတူညီမှုကို ထောက်ခံ ပံ့ပိုးမှာ ဖြစ်ကြောင်း အတည်ပြုပြောခဲ့သလို တကယ်လို့ မစ္စတာ Trump က ဒီသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ လုပ်မယ်ဆိုရင် ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းပုံဖေါ်နိုင်တဲ့ အခွင့်အလန်းကို အမေရိကန်က ဆုံးရှုံးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

APEC နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သံဓိဌာန်ချထားခဲ့တဲ့အတိုင်း ပါဝင်တဲ့ နိုင်ငံတွေရဲ့ ဈေးကွက်တွေကို ဖွင့်ထားမှာဖြစ်သလို ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာကွယ်ပေးမှုဆိုင်ရာ နည်းလမ်းမျိုးစုံကို တိုက်ဖျက်သွားမှာ ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

APEC ထိပ်သီးညီလာခံမှာပဲ အမေရိကန် သမ္မတ Barack Obama ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ သီးသန့်တွေ့ဆုံပြီး ဆီးရီးယားနဲ့ ယူကရိန်း အရေးတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။ ဒါဟာ သမ္မတ အိုဘားမားရဲ့ ရှစ်နှစ် သက်တမ်းအတွင်း ၅၂ ကြိမ်မြောက်နဲ့ နောက်ဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG