သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ ကြေညာချက်အတွက် ဆန္ဒပြမှုတိုး


မွတ်ဆလင်နိုင်ငံ (၇) နိုင်ငံကလူတွေ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ယာယီ ပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်ကို နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေတဲ့အချိန်မှာပဲ မြို့တော် ဝါရှင်တန် ဒီစီက သမ္မတ အိမ်ဖြူတော်အနီးမှာလည်း တနင်္ဂနွေနေ့က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒုတိယနေ့အဖြစ် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်း အခြေချ နေထိုင်ကြမယ့် ဒုက္ခသည်တွေကို ရက်ပေါင်း ၁၂၀ အတွင်း လာရောက်ခွင့် ပိတ်ပင်ထားတဲ့ သမ္မတ Trump ရဲ့ အမိန့်ကြေညာချက်ကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ - အမုန်းတရား မထားပါနဲ့၊ ကြောက်စိတ် မဝင်ကြပါနဲ့၊ ဒုက္ခသည်တွေကို ကြိုဆိုပါတယ် - ဆိုတဲ့ ကြွေးကြော်သံတွေကို အိမ်ဖြူတော်အနီးမှာ အော်ဟစ်ခဲ့ကြပါတယ်။

Statue of Liberty လို့ခေါ်တဲ့ ရာစုနှစ်နဲ့ချီပြီး တကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်တွေကို အမေရိကန်နိုင်ငံက ကြိုဆိုတဲ့ အထိမ်းအမှတ် Liberty ကျောက်ရုပ်ကြီးကို မြင်နေရတဲ့ နယူးယောက်မြို့က Battery ပန်းခြံမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ အလားတူ ကန့်ကွက် ဆန္ဒပြပွဲတွေကို Los Angeles ၊ Philadelphia ၊ Houston ၊ Boston ၊ Louisvill နဲ့ Detroit မြို့တွေမှာလည်း တပြိုင်ထဲ ပြုလုပ်နေကြပါတယ်။

အမေရိကန်နိုင်ငံမှာ ဆေးကျောင်းတက်နေတဲ့ အသက် ၂၅ နှစ်အရွယ် အီရတ်နိုင်ငံသူ တဦးကလည်း လေဆိပ်ထဲမှာ ပိတ်မိနေတဲ့ သူ့ရဲ့ ညီအကို မောင်နှမတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ Los Angeles မြို့က ဆန္ဒပြပွဲမှာ ပါဝင်ဖို့ စီစဉ်ထားကြောင်း ဗွီအိုအေကို ပြောပါတယ်။ သမ္မတရဲ့ အမိန့်ကြေညာချက်ကြောင့် သူမအနေနဲ့ အီရတ်နိုင်ငံမှာရှိတဲ့ မိသားစုတွေထံ သွားလည်မယ့် အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားရပြီး မိသားစုတွေဘက်ကလည်း အမေရိကန်နိုင်ငံမှာရှိတဲ့ သူမထံ လာလည်လို့ မရနိုင်ပဲ ဖြစ်နေတယ်လို့ အဲဒီ ဆေးကျောင်းသူက ပြောပါတယ်။

သမ္မတ Trump ရဲ့ ကြေညာချက်အတွက် ဆန္ဒပြမှုတိုး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG