သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးအခြေအနေ တပ်မတော်စုံစမ်းမည်


လုံခြုံရေးတပ်ကင်းလှည့်စဉ်
လုံခြုံရေးတပ်ကင်းလှည့်စဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးမှာ မြန်မာလုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့မှုရှိမရှိ စုံစမ်းစစ်ဆေးဖို့ မြန်မာတပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ မနေ့ ကြာသာပတေးနေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဒေသခံ မွတ်စလင် ရိုဟင်ဂျာတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေကြောင်း ပြင်းထန်တဲ့ စွပ်စွဲချက်တွေ ဖေါ်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာ ပြီးခဲ့တဲ့ သတင်းအပတ်တွင်း ထွက်ပေါ်ပြီး နောက် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာရာဇဝတ်ခုံရုံး အထိ အစီရင်ခံတင်ပြဖို့ ကုလသမဂ္ဂအတွင်း ဆွေးနွေးမှုတွေဖြစ်လာပြီးနောက် မြန်မာအစိုးရ ဘက်ကရော၊ တပ်မတော်ဘက်ကပါ အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

မြန်မာတပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မြန်မာတပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်တွေဘက်က တကယ်ပဲ ကျူးလွန်မှုရှိမရှိ တပ်မတော်ဘက်က ကိုယ်တိုင်စုံစမ်းစစ်ဆေးမယ့် အဖွဲ့မှာ- ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း က ဥက္ကဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး က ဒုဥက္ကဌ နဲ့ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး၊ ဗိုလ်မှူး လှမျိုးကျော်နဲ့ ဒုဗိုလ်မှူးကြီး မျိုးဝင်းအောင် တို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်တွေဘက်က ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့ခြင်း ရှိမရှိ တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ အသေအချာ စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ လုံခြုံရေးတပ်တွေဘက်က ကျူးလွန်ခဲ့တာတွေကို စစ်ဆေးပြီး ဖေါ်ထုတ်အရေးယူမယ်ဆိုတဲ့အချက် ကိုနိုင်ငံတကာအသိုင်းအဝိုင်းဘက်က ယုံကြည်မှု မရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့အကြီးအကဲဟောင်း Priscilla Clapp ကပြောပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာတပ်မတော်ကို ဘယ်သူမှ ယုံကြည်မှုမရှိကြပါဘူး။ အဲဒါကြောင့် ပြသနာရှိနေပါတယ်။ တကယ်လို့ တပ်မတော်က သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပေါ် ယုံကြည်စိတ်ချမှု ရှိစေချင်တယ်ဆိုရင် ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒီကော်မရှင်ကို နိုင်ငံတကာမြင်နိုင်တယ်၊ ပြီးတော့ ယုံကြည်လေးစားမှုလည်း ခံရပါတယ်။ ဒီနည်းလမ်းကပဲ တပ်မတော်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရမှာဖြစ်ပါတယ်။”

ဒါပေမဲ့လည်း တပ်မတော်ဘက် အခုလို ကိုယ်ပိုင် စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဆောင်ရွက်တာဟာ ကုလသမဂ္ဂရဲ့ ဖိအားပေးမှုကို တုံ့ပြန်တာဖြစ်တဲ့အတွက် ဒီလို လုပ်ဆောင်မှုအပေါ်မှာ နိုင်ငံတကာအဖွဲအစည်းရဲ့ ဖိအား ဘယ်လောက်ထိ လျော့ကျသွားနိုင်မလဲလို့ တဆက်တည်းမေးမြန်းရာမှာ Priscilla Clapp က အခုလိုပြောပါတယ်။

“တပ်မတော်အတွက် အကောင်းဆုံးနည်းလမ်းဟာ ကိုဖီအာနန် ကော်မရှင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာပဲဖြစ်တယ်လို့ ကျမထပ်ပြီး ပြောချင်ပါတယ်။ တပ်မတော်က သူတို့ဘာသာသူတို့ စုံစမ်းစစ်ဆေးမှု လုပ်တာဟာ မြေခွေးကို ကြက်ခြံစောင့်ခိုင်း သလိုဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က ဘာတွေလုပ်ခဲ့သလဲဆိုတာကို သူတို့ စစ်ဆေးရေးအဖွဲ့က စုံစမ်းဖေါ်ထုတ်မယ်ဆိုတဲ့ကိစ္စက ယုံကြည်ဖို့ ခက်ပါတယ်။ အရင်အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် ဖြတ်လေးဖြတ် ပုံစံမျိုးအတိုင်း တပ်မတော်က ကျင့်သုံးနေတယ်ဆိုတာ အလွန် ထင်ရှားပါတယ်။ ဒါပေမဲ့ ဒီကနေ့ ကမ္ဘာမှာ ၂၁ ရာစု စံသတ်မှတ်ထားတဲ့ အပြုအမူအရရော၊ လူသားချင်းစာနာမှုရှုထောင့်အရပါ ဒီလိုလုပ်ရပ်မျိုးဟာ ကိုက်ညီမှုမရှိပါဘူး။”

ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကြေညာချက်မှာတော့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တရားဥပဒေစိုးမိုးရေး ဘောင်အတွင်းကနေ လူ့အခွင့်အရေးနဲ့ ညီညွတ်စွာဆောင်ရွက်ဖို့၊ အင်အားအလွန်အကျွံသုံးတာမျိုးမပြုလုပ်ဖို့အရင်ကတည်းက ညွန်ကြားထားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိပါက ဖောက်ဖျက်ကျူးလွန်တဲ့ မည်သူကိုမဆို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ကင်းရဲစခန်း သုံးခု အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးခဲ့သလို၊ သေနတ် (၆၅)လက်အပါအဝင် လက်နက်ခဲယမ်း မီးကျောက်တွေ ကို အကြမ်းဖက်သမားတွေက လုယူသွားခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ နိုင်ငံရပ်ခြားက ရန်ပုံငွေပံပိုးမှုတွေပါဝင်နေကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ICG ခေါ် နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကလည်း အစီရင်ခံစာ ထုတ်ပြန်ပြီး သတိပေးထားပါတယ်။ ဒါကြောင့် ဒေသတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအလားအလာတွေအပေါ် အကြီးအကျယ်ခြိမ်းခြောက်လာနေတဲ့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်းတဲ့ စစ်ဆေးရေးကို ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ OHCHR အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကောင်မရှင်က တဆင့် စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ တကယ်လို့ ကျူးလွန်ခဲ့တဲ့ အထောက်အားအခိုင်အမာရှိပါက အစိုးရအနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေကို ပြုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al- Hussein နဲ့ တယ်လီဖုန်းပြောကြားချိန်မှာ ရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG