သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောလူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းစစ်ဆေးဖို့ အမေရိကန်တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တဲ့အကြောင်း OHCHR ခေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့အပေါ် ဒီကျူးလွန် ချိုးဖောက်မှုတွေကို အမေရိကန်ပြည်ထောင်စုကလည်း စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ တိတိကျကျ စုံစမ်း ဖော်ထုတ်ဖို့ တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းပြီး OHCHR က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး OHCHR က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပြီး လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ လွန်စွာ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း၊ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းကို အစဉ်တစိုက် အမေရိကန်ပြည်ထောင်စုက ထုတ်ဖော် အသိပေးခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရအမျိုးသမီး Katina Adams က တနင်္လာနေ့မှာ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက လေ့လာ သုံးသပ်နေဆဲရှိတဲ့အကြောင်း၊ ဒါပေမယ့် ဒီအတောအတွင်း မြန်မာအစိုးရအနေနဲ့ ဒီတွေ့ရှိချက်တွေကို အလေးအနက်ထားပြီး ဒေသခံတွေကို အကာကွယ်ပေးရာမှာ ဆတက်ထမ်းပိုး ကြိုးပမ်း အားထုတ်ဖို့အပြင်၊ ဒီစွပ်စွဲချက်တွေကို တိတိကျကျ ခိုင်လုံစွာ စုံစမ်း စစ်ဆေးပြီး လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ ဒီကျူးလွန် ချိုးဖောက်မှုအကြောင်း တိုင်ကြားသူတွေကိုလည်း အကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

အခုလို ပဋိပက္ခဖြစ်ပွားရာဒေသကို လူသားချင်းစာနာမှု အထောက်အကူနဲ့ သတင်းယူခွင့် ပြန်လည်ပေးဖို့ကိုလည်း အစိုးရကို ထပ်လောင်း တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အောက်တိုဘာလ အစောပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ တိုက်ခိုက်ခံရမှုအပြီး မြန်မာပြည်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းအပြီး အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အကြောင်း OHCHR ရုံး ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က အခုလို ပြောပါတယ်။

“အုပ်စုဖွဲ့ အဓမ္မပြုကျင့်မူတွေ မွေးကင်းစတွေနဲ့ ကလေးငယ်တွေအပါအဝင် လူတွေကို သတ်ဖြတ်မှုတွေ၊ ရက်ရက်စက်စက် ရိုက်နက်မှုတွေ ၊ အတင်းအဓမ္မခေါ်ဆောင်မှုတွေအပါအဝင် တခြား စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေကို မြန်မာလုံခြုံရေးတပ်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ နယ်မြေရှင်းလင်းရေးလုပ်စဉ် ကျူးလွန်ခဲ့တဲ့ အသေးစိတ်ကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ မွတ်ဆလင်တွေ အပေါ် အကြမ်းဖက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ကြောင်း OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid al- Hussein က ဖေဖော်ဝါရီ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း Genocide လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး Adama Dieng က OHCHR ရဲ့ အစီရင်ခံစာပါ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အံ့အားသင့် တုန်လှုပ်မိတဲ့အကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ သီးခြား ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို ပြုလုပ်ဖို့နဲ့ အခုလို ချိုးဖောက်မှုတွေကို ချက်ခြင်း ရပ်တန့်ဖို့ တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Human Rights Watch (HRW) ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မတရားပြုကျင့်တာအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အရာရှိတွေကို အရေးယူပေးဖို့ တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့မှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ သယ်ဆောင်လာတဲ့ Food Flotilla for Myanmar လို့နာမည်ပေးထားတဲ့ သင်္ဘောဟာ မူလက ရန်ကုန် ဆိပ်ကမ်းကို အခုလ ၈ ရက်နေ့မှာရောက်ဖို့ ရှိပေမယ့်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် စီစဉ်ထားတာထက် တရက် နောက်ကျပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှ အစောဆုံး ရောက်နိုင်မယ်လို့ လူသားချင်းစာနာတဲ့ အထောက်အကူပေးရေး အစီအစဉ်ကို ဦးဆောင်သူတွေက ပြောပါတယ်။Nautical Aliya လို့ အမည်ပေးထားတဲ့ သင်္ဘောဟာ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်းကနေ ဖေဖော်ဝါရီလ (၃) ရက်နေ့က ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG