သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလကိုယ်စားလှယ် လူ့အခွင့်အရေး ကောင်စီကို တင်ပြ


မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ရခိုင် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အကာအကွယ်ပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာတွေကို စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ကိုလည်း ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က တောင်းဆိုပါတယ်။ ၃၄ ကြိမ်မြောက် ကုလ လူ့အခွင့်အရေး ကော်မရှင် ညီလာခံမှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်ရေး ကိုယ်စားလှယ်ရဲ့ တင်သွင်းမှုကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အပေါ် နှစ်ပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီးက ကုလ လူ့အခွင့်အရေး ညီလာခံမှာ တင်သွင်းပါတယ်။

"ချိုးဖောက်ခံရတယ်လို့ ပြောဆိုကြသူတွေရော၊ မြန်မာ လူထု အားလုံးဟာ အမှန်တရားကို သိရှိခွင့်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ နိုင်ငံတခုချင်းစီရဲ့ အကျိုးစီးပွားတွေကို ထည့်ထွက်မနေနဲ့ ဒီကိစ္စ အပေါ်မှာ တညီတညွတ်တည်း သဘောထား တခုတည်းနဲ့ ဖိဖိစီးစီး တွန်းအားပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း အပေါ်မှာ ကာလရှည် နှိပ်စက်ညှဉ်းပန်းမှုတွေ၊ မူဝါဒတွေ၊ ဥပဒေတွေ လက်တွေ့ ကျင့်သုံး အုပ်ချုပ်မှုတွေမှာ စနစ်တကျ အစီအစဉ် ရှိရှိ ခွဲခြား ဆက်ဆံနေတာတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်။"

မောင်တောမြို့နယ် နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီး မြန်မာ ရဲတပ်ဖွဲ့ဝင် ၉ ဦး သတ်ဖြတ်ခံရပြီးနောက်ပိုင်း မောင်တောမြို့နယ်တွင်း နယ်မြေရှင်းလင်းရေးမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကိုလည်း မစ္စစ် ယန်ဟီလီးက ပြောဆိုသွားပါတယ်။ မောင်တော ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်ကိုလည်း မစ္စစ် ယန်ဟီလီးက ဝေဖန်ပါတယ်။

"စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ အမှန်အကန် လွတ်လပ်ရမှာ ဖြစ်ပြီး အဖွဲ့ဝင်တွေဟာလည်း ဘယ်အဖွဲ့အစည်းနဲ့မှ သက်ဆိုင်ခြင်း မရှိဘဲ လွတ်လပ်မှု ရှိရမှာပါ။ ဒါပေမယ့် မောင်တော စုံစမ်းရေး ကော်မရှင်မှာဆိုရင် စစ်တပ် အရာရှိဟောင်းတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးချုပ်လည်းပါပါတယ်။ ကော်မရှင် အနေနဲ့ သိပ်ကို အရေးပါတဲ့ မျက်မြင်သက်သေတွေ၊ အထောက်အထားတွေ၊ သက်သေတွေအားလုံးကို အကာအကွယ် ပေးတာမျိုးလည်း လုပ်နိုင်တဲ့ ပုံ မတွေ့ရပါဘူး။"

မောင်တောဒေသတွင်း ကွင်းဆင်းလေ့လာတာမှာ ကုလကိုယ်စားလှယ်က သူကိုယ်တိုင် ရိုက်ယူခဲ့တဲ့ သူ့အဆို အခြေအနေတွေကို ထင်ဟပ်ပြသနိုင်တဲ့ ဓာတ်ပုံတွေကို ကုလ လူ့အခွင့်အရေး ညီလာခံမှာ ပြသဖို့ တောင်းဆိုချက်ကို ကုလသမဂ္ဂက ပယ်ချထားတာကြောင့် ဒီ ဓာတ်ပုံတွေကို သူမရဲ့ ဝက်ဘ်ဆိုက်ကနေ တင်ပြသွားမယ်လို့လည်း ညီလာခံမှာ ပြောဆိုသွားပါတယ်။

ရခိုင်ဒေသက လူနည်းစုတွေ အပြင် လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွင်းက ဒေသခံတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမယ့် အရေး အထူးဘဲ စိုးရိမ်မကင်း ဖြစ်တယ်လို့လည်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုပါတယ်။

"ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတဲ့ အပေါ်မှာလည်း အထူးဘဲ စိုးရိမ်ပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေ အပေါ်မှာ မယုံကြည်နိုင်လောက်အောင်ကို ထိခိုက်စေပါတယ်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ဘေးကင်း လုံခြုံရေး အတွက် ထွက်ပြေးရသူ သောင်းနဲ့ချီ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အခြေအနေမှန်က ဘာတွေ ဖြစ်နေလဲ ဆိုတာလည်း မသိရပါဘူး။"

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီလီးရဲ့ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ကချင်ပြည်နယ်တွင်းက စစ်ရှောင် စခန်းတွေကို သွားရောက်ခွင့် ကန့်သတ်ခံရတဲ့ အပေါ် မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မောင်တောမြို့နယ်တွင်းက ဒေသခံတွေနဲ့ တွေ့ဆုံတာမှာတော့ သူမ တောင်းဆိုတဲ့ အတိုင်း အာဏာပိုင်တွေ လုံခြုံရေး တပ်ဖွဲ့တွေက အနီးမှာ စောင့်ကြည့်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း မစ္စစ် ယန်ဟီလီးက ထည့်သွင်း ပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ကျောက်စိမ်းတူးဖော်မှုတွေမှာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို ထိန်းသိမ်းဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ အစိုးရဘက်က အခိုင်အမာ လုပ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပိုပြီး ပါဝင်မှု ရလာတဲ့ အပေါ် အသိအမှတ်ပြုပေမယ့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လတ်တလောမှာ အားလျော့လာတဲ့ အနေအထား ရှိနေတယ်လို့ တင်သွင်းသွားပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ပတ်သက်သူအားလုံးတို့ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အင်တိုက် အားတိုက် ပါဝင်ကြဖို့လည်း တိုက်တွန်းပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ တိုင်းပြည်တခု အဖြစ် မြန်မာနိုင်ငံ ဖြစ်လာဖို့ကတော့ အခြေခံ ဥပဒေကို ပြင်မှ ရမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီးက ကုလလူ့အခွင့်အရေး ကော်မရှင်မှာ တင်ပြသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG