သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေ နိုင်ငံတကာစုံစမ်းမှုလုပ်ဖွယ်မရှိသေး


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ရက်ရက်စက်စက်ပြုမူနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းမှုသစ် တရပ်ပြုလုပ်မယ့်ကိစ္စကို ဥရောပသမဂ္ဂက လက်မခံတဲ့သဘောပြသလိုက်ပါတယ်။ ဒီပြသနာအပေါ် နည်းလမ်းသစ်နဲ့ ချည်းကပ်မယ့် အစား လက်ရှိပုံစံအတိုင်း မြန်မာအစိုးရနဲ့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် မုဒိမ်းကျင့် ၊ ရွာလုံးကျွတ် မီးရှို့တာတွေပြုလုပ်ခဲ့ပြီး ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာလူမျိုးတုံးသတ်ဖြတ်ရာ ရောက်နိုင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဆီရီးယားနဲ့ မြောက်ကိုးရီးယားတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြုလုပ်ခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ဒီကိစ္စကိုလည်း အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းသင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Zeid al-Hussein ကပြောကြားခဲ့တာပါ။

“ဒါကြောင့် ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေ အထူးသဖြင့်၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း လုံခြုံရေး ဆောင်ရွက်ချက်တွေကို အနည်းဆုံးတော့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ လူ့အခွင့်အရေး ကောင်စီကို ကျနော် တောင်းဆိုပါတယ်။ နောက် နိုင်ငံတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံး ဖွင့်လှစ်ခွင့်ရဖို့ကိုလည်း ထပ်ပြီး တောင်းဆိုပါတယ်။”

ဥရောပသမဂ္ဂကတော့ ကုလသမဂ္ဂရဲ့ ဒီအဆိုပြုချက်အပေါ် စိတ်ဝင်စားမှုမရှိပဲ လက်ရှိပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကိုပဲ မြန်မာအစိုးရနဲ့ ညှိုနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂရဲ့ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ မတ်လ အလယ်မှာ ဆွေးနွေးပြီး လက်ရှိကျင်းပဆဲ လူ့အခွင့်အရေးကောင်စီမှာ မတ်လ အကုန်ပိုင်းလောက်မှာ အတည်ပြုမယ့် ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂက ဆက်လက်ဦးဆောင် ညှိုနှိုင်းသွားမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ခိုင်လုံစိတ်ချရသော ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေအပေါ် သဘောတူညီမှုရရှိနိုင်ဖို့ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ မြန်မာအစိုးရနဲ့တကွ သက်ဆိုင်ရာ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ ဘယ်လိုရလာဒ်ပေါ်ထွက်မယ်ဆိုတာ ဒီအဆင့်မှာ ကျမ မပြောနိုင်သေးပါဘူး။”

မြန်မာ အစိုးရဘက်ကတော့ ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး တဘက်သက်ပြောဆိုမှုတွေရှိမရှိဆိုတာကို ထိထိရောက်ရောက် ဆန်းစစ်ကြည့်ဖို့ လိုတယ်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဘက်လိုက်မှုမရှိပဲ သမာသမတ်ကျကျ ရှုမြင်ဖို့လိုတယ်လို့ ဆိုပါတယ်။ အခု ကုလသမဂ္ဂအစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ ကျူးလွန်မှုတွေကိုလည်း မှတ်သားထားပြီး မှန်ကန်ကြောင်းတွေ့ရှိရရင် ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဦးထင်လင်းက မနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ အခုလို ပြောကြားခဲ့ပါတယ်။

“အခြေအမြစ်ရှိရှိစွပ်စွဲမှုတွေ ရည်ရွယ်ချက်ရှိရှိတဖက်သတ်ပြောဆိုမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အထူးသတိထားဖို့လိုပါတယ်။ ကျနော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်စခန်းတွေကို ရန်စတိုက်ခိုက်ခဲ့တဲ့ ကိစ္စ ဒီအစီအရင်ခံစာထဲမှာ လုံးဝဖော်ပြထားခြင်းမရှိပါဘူး။ ကုလသမဂ္ဂနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ဟာ ဘက်လိုက်မှုမရှိပဲ သမာသမတ်ကြဖို့ မျှော်လင့်ပါတယ်။ တချိန်တည်းမှာပဲ အခုလိုပြောဆိုနေလို့ ပြစ်ဒဏ်က ကင်းလွှတ်ဖို့ ပေးနေတယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ ခိုင်မာတဲ့အထောက်အထားတွေတွေ့ရရင် ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အတည်မပြုပေမယ့် ဒီအထဲက စွပ်စွဲမှုတွေဟာ အရေးပါတယ်ဆိုတာကိုတော့ မှတ်သားထားပါတယ်။”

ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကို သွားရောက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ကလည်း မတ်လ(၁၃)ရက်နေ့မှာ သူတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG