သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသခံဒုက္ခသည်များ စိစစ်ပြီးမှ လက်ခံမည်


အကြမ်းဖက်မှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအရ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပြီးတဲ့နောက်၊ ဒေသခံတွေ နယ်မြေတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးကိစ္စကို စိစစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာတာဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့်တော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို ထွက်ပြေးသွားကြတယ်လို့ဆိုတဲ့ ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ကိစ္စမှာ နှစ်ဖက်နိုင်ငံတာဝန်ရှိသူတွေအကြား စိစစ်ညှိနှိုင်းဆောင်ရွက်သွားရမယ့် အခြေအနေမှာ ရှိပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားတာပါ။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ ၄ လတာ ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကို ရပ်တန့်လိုက်ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အစိုးရက ကြေညာခဲ့တာပါ။ ဒါကြောင့်လည်း အကြမ်းဖက်မှုတွေနဲ့ စစ်ဆင်ရေးတွေကြောင့် ရှောင်တိမ်းနေထိုင်နေရသူတွေ နေရပ်ပြန်လာရေးကိစ္စဟာ ဒုတိယအရေးပါလာပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ရောက်ရှိနေတယ်ဆိုတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်လာရေးကိစ္စကိုတော့ စိစစ်ပြီးမှ လက်ခံမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ပြန်လာတာကတော့ သူတို့ ဒီမှာနေတဲ့ အထောက်အထားတွေရှိတယ်ဆိုရင် ကျနော်တို့က စိစစ်ပြီး လက်ခံပေးဖို့ တာဝန်ရှိတယ်။ သို့သော် မူလကတည်းက ဒီမှာနေတဲ့လူတွေ ကျနော်တို့မှာ စာရင်းတွေအရရှိတယ်၊ အဲဒါတွေကတော့ လက်ခံပေးလို့ရတယ်။ နောက်တချက်က ကျနော်တို့ပြောထားတာ အဲဒီမှာ ရောက်နေတဲ့ ကျနော်တို့ မြန်မာဘက်က မွတ်စလင်တွေရှိတယ်ဆိုရင်လည်း ကျနော်တို့ စိစစ်ပြီး ပြန်ပြီးတော့ ယူမယ်။ ဒီအတိုင်းတော့ ကျနော်တို့က မြန်မာက လာတဲ့လူပါဆိုပြီးတော့ ကျနော်တို့က လက်ခံလို့မရဘူး၊ စိစစ်ပြီးတော့ လုပ်ရမယ်။”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေတဲ့ မွတ်စလင် အသိုင်းအဝိုင်း ဒုက္ခသည် ၁ ထောင်နီးပါးလောက် မြန်မာပြည်တွင်းကို ပြန်လည် ရောက်ရှိလာတယ်လို့ ဒီရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်နေပေမယ့်လို့ ရခိုင်ပြည်နယ် အစိုးရကကော ပြည်ထောင်စု အစိုးရကပါ ဒါကို အတည်မပြုပါဘူး။

မောင်တောဒေသအတွင်း ပြီးခဲ့တဲ့နှစ်အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် ၇ သောင်းနီးပါးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ခိုအောင်းရောက်ရှိလာပြီး၊ သောင်းဂဏန်းအချို့ဟာ နယ်မြေအတွင်း လှည့်လည်ရှောင်တိမ်းနေရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒီလူတွေအားလုံးဟာ မြန်မာနိုင်ငံက ဟုတ်မဟုတ်ဆိုတာကိုတော့ မြန်မာတာဝန်ရှိသူတွေဖက်က အတည်မပြုသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ ရခိုင် အကြံပေး ကော်မရှင်က အဖွဲ့ဝင် ဦးအေးလွင်ကတော့ အဲဒီက ဒုက္ခသည်အတော်များများဟာ မြန်မာနိုင်ငံကနေ ထိုင်ခွင့်အထောက်အထားတွေ ကိုင်ဆောင်တာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အရေအတွက်အတိအကျကိုတော့ ခန့်မှန်းနိုင်ခြင်းမရှိပါဘူး။ အဲဒီက ဒုက္ခသည်တွေအနေနဲ့ နယ်မြေအေးချမ်းသာယာမှု ရှိရင် မြန်မာပြည်တွင်းကို ပြန်လာဖို့ ဆန္ဒရှိကြတယ်လို့လည်း ဦးအေးလွင်က ပြောပါတယ်။ ဒုက္ခသည်တွေ နေရပ် ပြန်လာဖို့ အရေးမှာလည်း နှစ်နိုင်ငံ အစိုးရကြား ညိုနှိုင်းဆွေးနွေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။

“သူတို့ကတော့ သူတို့တိုင်းပြည်ပြန်ချင်တယ်ဆိုတာကတော့ ပြောတယ်။ သို့သော်လည်း အခြေအနေတွေ တည်ငြိမ်အေးချမ်းမှ ၊ လူ့အခွင့်အရေးအပြည့်အဝရမှ ပြန်မယ်လို့ ပြောပါတယ်။ ပြန်လာချင်တယ်ဆိုသည့်တိုင်အောင် ၂ နိုင်ငံ ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ရမယ်လေ၊သံတမန် နည်းလမ်းတွေရှိတယ် အဲဒါတွေနဲ့ လုပ်ပြီးမှပဲ ပြန်လို့ရမယ်။ ၂ ဘက်အစိုးရက စီစဉ်ရမယ်လေ၊ လူ၁၀၀၀ လောက်က ရုတ်တရက်ကြီး ပြန်ဖို့ဆိုတာ ကျနော်တို့က ၂ ဘက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ရမယ်လေ။”

ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း အစိုးရရဲ့ စစ်ဆင်ရေးအတွင်းမှာ မွတ်စလင်ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂရော နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကပါ မြန်မာအာဏာပိုင်တွေကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီအတွက်လည်း မြန်မာဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ တကယ်လို့ ဒီလိုချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အထောက်အထားခိုင်ရင် အရေးယူသွားပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG