သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အင်ဒိုနီးရှားအကူအညီ ဝန်ကြီးချုပ် Hasina တောင်းခံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရာမှာ အင်ဒိုနီးရှား နိုင်ငံက အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပြဿနာကြီးတခု ဖြစ်နေရတဲ့အတွက် ဖြေရှင်းဖို့ လိုအပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ အိန္ဒိယသမုဒ္ဒရာနိုင်ငံများအသင်း IORA ညီလာခံ ကျင်းပနေတဲ့ ဂျကာတာ မြို့တော်မှာ သီးခြားတွေ့ဆုံရာမှာ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။

ခေါင်းဆောင် ၂ ဦးတွေ့ဆုံအပြီး သတင်းထောက်တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque က ပြောကြားရာမှာတော့ - ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေကို မကြာသေးခင်ကပဲ သွားရောက်ခဲ့ ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက နယ်ခြားစောင့်စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာလုံခြုံရေး အာဏာပိုင်တွေက နယ်မြေရှင်းလင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့အတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သောင်းနဲ့ချီရှိတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြပြီး၊ သူတို့နေထိုင်ရတဲ့ ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှုအခြေအနေတွေဟာ ဆိုးရွားလှတဲ့အကြောင်း လူ့အခွင့်အရေးနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက သွားရောက် စုံစမ်းပြီး ထုတ်ဖော်ပြောကြားခဲ့ကြပြီး မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သိန် ဂါ ချာ ခေါ် မြေနိမ့်ပြီး လူသူမနေတဲ့ ကျွန်းကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့ အကြောင်း သတင်းများ ထွက်ပေါ်ခဲ့တဲ့အတွက်ကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မတ်လ ၁၃ ရက်နေ့ကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာကို တင်သွင်းမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ကလည်း ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာ အနေအထား ရှိနေတာကြောင့် ကုလ သမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ ဗုဒ္ဓဟူးနေ့က ကုလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG