သုံးရလွယ်ကူစေသည့် Link များ

မနေ့က စတင်လိုက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို အဓိကထား ဆွေးနွေးဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ထွက် မထွက်ဆိုတာကတော့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီအခြေအနေတွေကို မခင်ဖြူထွေး စုံစမ်းမေးမြန်းထားပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စတင်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၃၄) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးတဲ့အခါ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို အဓိကထား ဆွေးနွေးနိုင်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း မူစလင်လူနည်းစုတွေအပေါ် နှိပ်စက်ညှဉ်းပမ်းမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အပါအ၀င် ကုသလမဂ္ဂ ထိပ်တန်း အရာရှိ အတော်များများက အပြင်းအထန် ဝေဖန်ခဲ့ကြတာပါ။ ဒီလို အခြေအနေတွေကြောင့်လည်း လူ့အခွင့်အရေးကောင်စီမှာ ဒီကိစ္စကို ဦးစားပေး ဆွေးနွေးနိုင်တယ်ဆိုတာကို ခန့်မှန်းလို့ရတယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“Ms. Yanghee Lee ရဲ့ သူ့မစ်ရှင်အပြီးမှာ ထုတ်ပြန်ကြေညာတဲ့ ပြောကြားချက်မှာဆိုရင် တော်တော် ပြင်းပြင်းထန်ထန် ပါဝင်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အာရုံစူးစိုက်မှုတွေ၊ နိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေကြားထဲမှာ အများကြီးရှိလာတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှု အပြင်းအထန်ဖြစ်မှာတော့ သေချာပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက တကယ့်ကို အသွင်ကူးပြောင်းမှုကာလကို ဖြတ်သန်းနေပြီလား၊ တရားဥပဒေစိုးမိုးရေး အမှန်တကယ် ရရှိနေပြီလား။ စစ်ပွဲကိစ္စတွေ၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့ကိစ္စတွေကိုလည်း မဖြစ်မနေ ဆွေးနွေးကြမယ်လို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ကုသမဂ္ဂကနေ နှစ်စဉ် ဆုံးဖြတ်ချက် ချမှတ်လေ့ရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ NLD ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် စတင် တာဝန်ယူတဲ့အချိန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကို စောင့်ကြည့် လေ့လာတဲ့အနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်တာတွေ မလုပ်ခဲ့ပါဘူး။ အခု လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာလည်း အလားတူ အခြေအနေ ထပ် ဖြစ်လာနိုင်တယ်လို့ AHRC အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုတာက တောင်းဆိုတဲ့နိုင်ငံတွေ တော်တော်များများကလည်း ထောက်ခံမှ ဒါက ဖြစ်မယ့်ကိစ္စဖြစ်တယ်လေ။ အခု ကျနော်တို့ EU ဥရောပမှာလည်း ရွှေ့ပြောင်းနေထိုင်တဲ့လူတွေရဲ့ ပြဿနာ သူတို့ကိုယ်တိုင်လည်း ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်။ နောက်ပြီးတော့တခါ အမေရိကန်နိုင်ငံကလည်း အစိုးရအပြောင်းအလဲမှာ အရင်ကလို EU၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းကပါ အရင်လို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက် သေချာ မသေချာဆိုတာ ကျနော်တို့ မသိဘူး။ မသိနိုင်တဲ့ အခြေအနေပေါ့နော်။ အဲ့လို အခြေအနေမှာကတော့ ကျနော် ထင်တယ်။ ဒီကိစ္စက အလွယ်တကူတော့ ဖြစ်လာဦးမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပဲ ဆက်လက် စောင့်ကြည့်ဖို့ လိုဦးမယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ်တက်လာတာ အခုမှ ၁ နှစ်ပဲရှိသေးတာကိုး။ အဲတော့ ဖိအားပေးပြီးတော့ လုပ်တယ်ဆိုတာ ပိုပြီးတော့ အခြေအနေ ဆိုးသွားနိုင်တယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိုပြီးတော့ သိလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးကြတဲ့အခါ လူမှုအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းတွေလည်း နှစ်စဉ်နှစ်တိုင်းလိုလို ပုံမှန် တက်ရောက်လေ့ရှိပြီး သူတို့ရဲ့ အမြင်တွေကို တင်ပြလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ဒီလို တက်ရောက် ဆွေးနွေးတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နည်းပါးလာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဦးမင်းလွင်ဦးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ အရင်တုန်းကတော့ လူမှုအဖွဲ့အစည်းတွေက ပြင်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်း အသီးသီးနဲ့ ဆက်သွယ် ဆောင်ရွက်ပြီးတော့ သွားတာတွေရှိတယ်။ ပြင်ပ NGO တွေကနေ ကူညီ ထောက်ပံ့တဲ့အတွက် ပြည်တွင်းမ၀င်နိုင်တဲ့ အဖွဲ့အစည်းတွေက သွားကြတာများတာကိုး။ အခုက အဖွဲ့အစည်း တော်တော်များများက ပြည်တွင်းမှာ ၀င်ပြီးတော့ အလုပ်လုပ်နေတဲ့အခါကျတော့ အဖွဲ့အစည်း ရပ်တည်ရေးတို့ နောက်ပြီးတော့ အဖွဲ့အစည်း ရေရှည်အလုပ်ဖြစ်ဖို့အတွက် စီမံကိန်းတွေချ ဆောင်ရွက်ရတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အခါကျတော့ အရင်လို အပြင်ထွက်ပြီးတော့ ပြောဖို့ အခြေအနေ သိပ်မပေးဘူးလို့ ကျနော် မြင်တယ်။”

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီလထဲ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee ကလည်း သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာတစောင် တင်သွင်းမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက မြန်မာနိုင်ငံကို သီတင်းနှစ်ပတ်နီးပါး သွားရောက်လေ့လာခဲ့တဲ့ အခြေအနေတွေအပြင် ဒီလထဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်တွေအတွင်း လေ့လာတွေ့ရှိချက်တွေကို မတ်လ ၁၃ ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းဖို့အတွက် အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေ နောက်ထပ် တနှစ် သက်တမ်းတိုး တာဝန်ပေးအပ်သင့် မသင့် ဆိုတာကိုလည်း အခုကျင်းပနေတဲ့ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG