သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် ခွဲခြားမဆက်ဆံဖို့ Yanghee Lee တောင်းဆို


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံဟာ ခွဲခြားဆက်ဆံတဲ့ပုံမျိုးဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို (၄)ရက်ကြာသွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ ညှမ်းပန်းနှိပ်စက်ခံရမှုတွေဟာ သူထင်ထားတာထက်ပိုပြီးဆိုရွားနေတယ်လို့ Yanghee Lee ကပြောတဲ့အကြောင်း ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ ထုတ်ပြန်တဲ့ OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရခိုင်ပြည်နယ်တွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူဆောင်ရွက်ခဲ့မှုတွေနဲ့ ဆက်လက်ဆောင်ရွက်နေပုံတွေဟာ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတဲ့ပုံမျိုး ဖြစ်နေတာကြောင့်သူတို့ဘဝရပ်တည်မှုဖို့အတွက် အခက်အခဲတွေအများကြီး ရှိနေတယ်လို့ Yanghee Lee က ပြောကြားခဲ့ပါတယ်။ ခွဲခြားဆက်ဆံမှုတွေကို အမြန်ဆုံးရပ်ဖို့ မြန်မာအစိုးရကို Yanghee Lee ကတောင်းဆိုတဲ့အကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ OHCHR ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ နယူးရောက် OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ ပြောခွင့်ရပုဂ္ဂိုလ် Dorian Lacombe က အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်အသိုင်းအဝိုင်းရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ နောက်ထပ် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်ပြီးမဖြစ်အောင် အကာအကွယ်ပေးရေး ချက်ချင်းဆောင်ရွက်ဖို့နဲ့ ဒီချိူးဖောက်မှုတွေဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်ပြီး၊ သမာသမတ်ကျတဲ့ စုံစမ်းရေးအဖွဲ့တွေနဲ့ ချက်ချင်းစစ်ဆေးစုံစမ်းဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee က မြန်မာအစိုးရကို တိုက်တွန်းပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာနဲ့ နယ်စပ်က Cox’s Bazaar မြို့တွေကို သွားခဲ့တဲ့ (၄) ရက်ကြာခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို Yanghee Lee သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကိုယ်တိုင်ခံစားခဲ့ရတဲ့ ဒုက္ခသည်မိသားစုတွေနဲ့ မျက်မြင်သက်တွေ့ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်မှု အတိုင်းအတာဟာ မူလက သူခန့်မှန်းထားတာထက် ပိုပြီးဆိုးရွားနေတယ်လို့ ခရီးစဉ်အပြီးမှာ Yanghee Lee ကပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ သူတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အောက်တိုဘာလ (၉)ရက်နောက်ပိုင်း နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ပြီး သူတို့စွပ်စွဲ ပြောဆိုချက်တွေ Yanghee Lee ကြားခဲ့ရတဲ့ အခြေအနေကို Dorian Lacombe ကအခုလိုပြောပါတယ်။

"ဒီတွေဆုံမေးမြန်းမှုတွေအရ လူတချို့ရဲ့ လည်ပင်းတွေ ဓါးနဲ့လှီးခံရတာ၊ သေနတ်တွေနဲ့ ထင်ရာမြင်ရာပစ်ခတ်တာ၊ လူတွေကို အိမ်ထဲမှာ ကြိုးနဲ့တုတ်ပြီး အဲဒီအိမ်တွေကို မီးရှို့ပစ်တာ၊ မွေးကင်းစ ကလေးတွေကို မီးပုံထဲ ပစ်ထည့်တာတွေအပြင် အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်တာနဲ့ အခြား လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် ကြောက်မက်ဖွယ်ကျူးလွန်ခဲ့ကြတယ်လို့ သူမေးမြန်းခွင့်ရခဲ့သူတွေက ပြောခဲ့ကြတဲ့အကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောပြပါတယ်။"

အခုလို ရိုဟင်ဂျာတွေ တွေ့ကြုံခံစားရတဲ့ ညှမ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး Yanghee Lee က မြန်မာအစိုးရကို တောင်းဆိုထားတာနဲ့ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေခံစားနေရတဲ့ ဒုက္ခတွေ အဆုံးသတ်ရေး မြန်မာအစိုးရအနေနဲ့ အရေးတကြီးတာဝန်ယူဆောင်ရွက်ပေးဖို့ Yanghee Lee က တောင်းဆိုထားပါတယ်။"

ရခိုင်ပြည်နယ်အရေး စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကလည်း အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားနေကြောင်း ရခိုင်ပြည်နယ် မောင်တောဒေသ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကပြောပါတယ်။

“ဒီအခြေအနေတွေကို ကျနော်တို့က ပြုပြင်ဖို့လုပ်နေတယ် တကယ်တမ်းပြောရမယ်ဆိုရင်။ မြန်မာနိုင်ငံရဲ့ မူဝါဒအနေနဲ့ဆိုရင်တချိန်တုန်းက ချို့ယွင်းမှုတွေ ရှိခဲ့တာလေးတွေကို ဘယ်လိုအကောင်းဆုံး နည်းနဲ့ ထိန်းကျောင်းပြုပြင်မလဲ ၊ နိုင်ငံတကာ စံနှှုန်းနဲ့လည်းဆီလျော်အောင်၊ ကိုယ့်နယ်စပ်ဒေသ လုံခြုံရေးရော တခြား အခွင့်အရေးတွေရောကျနော်တို့ ကိုယ်နိုင်ငံသားတွေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရော ကာကွယ်စောင့်ရှောက်နိုင်အောင် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့ မူဝါဒတွေ ကျနော်တို့ ရေးဆွဲနေတဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ အဲဒီမူဝါဒတွေ ရေးဆွဲနေတဲ့ အချိန်ကာလဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ ထပ်ပြီးတော့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ရဲ့ မဟာဗျူဟာပြောင်းလဲမှုအခြေအနေက နည်းနည်း အခက်အခဲဖြစ်သွားနိုင်တာပေါ့လေ၊ သဘောကတော့ ဒေသမှာ ရှိတဲ့လူတွေရော တိုင်းရင်းသားတွေရော ၂ဘက် သဟဇာတ ဖြစ်အောင်လုပ်ရမယ့်အစီအစဉ်တွေရော ဒါတွေအားလုံးအတွက် အဖုအထစ်ဖြစ်သွားနိုင်ပါတယ်။”

Yanghee Lee ဟာ သူရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွေ့ရှိချက်တွေနဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို (၁၂)ရက်ကြာ သွားခဲ့တဲ့ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံမှာ မတ်လ (၁၃)ရက်နေ့မှာ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG