သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစုံစမ်းရေးမှူး ဒုက္ခသည်စခန်းတွေ သွားရောက်မှု ပြီးဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ ရက်ကြာခရီးရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဖေဖော်ဝါရီလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ မနက်က Cox’s Bazar ဒေသမှာရှိတဲ့ Noyapara ဒုက္ခသည်စခန်းအပြင် - မှတ်ပုံမတင်ရသေးတဲ့ Leda ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပြီး၊ အဲဒီမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒါဟာ Ms. Yanghee Lee အနေနဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေကို ဒုတိယမြောက်နေ့ သွားရောက်တာလည်းဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေကို မသွားရောက်ခင် - ဖေဖော်ဝါရီလ ၂၀ ရက် တနင်္လာနေ့ကတော့ - ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali အပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး - ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ တွေနဲ့ ရေရှည်ဖြစ်နေတဲ့ ပြဿနာအတွက် ငြိမ်းချမ်းတဲ့ အဖြေတခုရှာဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ သူ့ခရီးစဉ်ကနေ လေ့လာတွေ့ရှိချက်တွေကို Ms. Yanghee Lee အနေနဲ့ မတ်လ ၁၃ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ထံ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ - Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတချို့မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာမူဆလင်တွေက - ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး အဆုံးသတ်သွားပြီဆိုပေမဲ့လည်း - ရိုဟင်ဂျာမူဆလင်တွေအပေါ် နှိမ်နင်းမှုတွေ ဆက်ရှိနေတဲ့အတွက် မြန်မာပြည်ကို မပြန်လိုကြ ကြောင်း ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုံးက ပြီးခဲ့တဲ့သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ - ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေဟာ ပြန်လည်တည်ငြိမ်ပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးဟာလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့တာ ပါ။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဏာပိုင်တွေရဲ့ နယ်မြေလုံခြုံရေး ရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ တယ်လို့ဆိုတဲ့ ရိုဟင်ဂျာမူဆလင် ၇ သောင်းနီးပါးအထိ ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောဆိုနေတာဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ - ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင် အပါအဝင် စုံစမ်းရေးကော်မရှင်တွေကို ဖွဲ့စည်းထားတာပါ။ ဒါပေမဲ့လည်း အခြေအနေမှန်ကို သိရှိနိုင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ ကော်မရှင်ဖွဲ့ စုံစမ်းဖို့ - ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို တိုက်တွန်းနေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG