သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ် Yanghee Lee တနင်္လာနေ့ ဘင်္ဂလားဒေ့ရှ် ရောက်မည်


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Yanghee Lee

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူ း Yanghee Lee ဟာ လေးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း သူမဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ Cox’s Bazar တဝိုက်မှာရှိတဲ့ နေရာတွေကို သွားရောက်ဖို့ မျှော်လင့်ထားကြောင်း ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တပ်ရဲ့လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားတာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက Cox’s Bazar ကို စေလွှတ်ထားတဲ့ အဖွဲ့က ပြီးခဲ့တဲ့လအတွင်း မှတ်တမ်းပြုစုထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကိုလည်း မေ့လျှော့ ထားခြင်း မရှိတဲ့အကြောင်း Yanghee Lee က ပြောပါတယ်။

မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ဇန်နဝါရီလတုန်းက သွားရောက်ခဲ့တဲ့ Yanghee Lee ဟာ ပြီးခဲ့တဲ့ ၄ - ၅ လ အတွင်း နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေနဲ့ ခုလို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြရတဲ့ အကြောင်းအရာတွေကို အာရုံစိုက် လေ့လာ စုံစမ်းမှုပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ညှင်းပမ်းနှိပ်စက်ခံရမှု အန္တရာယ်ကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာကြသူတွေထဲက ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ နေအိမ်တွေရှိရာကို ပြန်သွားကြတယ်လို့ ရပ်ရွာလူကြီးတွေက တနင်္ဂနွေနေ့မှာ ပြောဆိုကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ အဲဒီအထဲက အများစုဟာ သူတို့ရဲ့ ဆွေမျိုးသားချင်း တွေကို ခေါ်လာဖို့အတွက် ယာယီပြန်သွားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွေးထွက်သံယို စီးနင်းဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ချိန်ကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး တဘက်နိုင်ငံကို ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အရေအတွက်အားဖြင့် တထောင်လောက်ရှိပြီး အများစုဟာ ငယ်ရွယ်သူတွေဖြစ်ကြတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ ထွက်ပြေးလာခဲ့ကြစဉ်က ချန်ထားခဲ့တဲ့ အသက်အရွယ်ကြီးရင့်သူ ဆွေမျိုးသားချင်းတွေကို ပြန်ရှာဖွေဖို့အတွက် သူတို့ နေအိမ်တွေရှိရာ ကျေးရွာတွေကို ပြန်သွားကြတယ်လို့ Teknaf ဆိပ်ကမ်းမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းရဲ့ ခေါင်းဆောင် Dudu Mia က AFP သတင်းဌာနကို ပြောဆိုပါတယ်။

၄ လကြာ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ရပ်တန့် အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ထိပ်တန်း တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြောဆိုလိုက်ပါတယ်။ အဲဒီ မြန်မာစစ်တပ်ရဲ့ လေးလကြာ စစ်ဆင်ရေးဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ ပမာဏအထိရှိနိုင်ကြောင်းလည်း ကုလသမဂ္ဂက သတိပေးခဲ့တယ်လို့ AFP သတင်းမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG