သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကူညီရေးသဘောၤ ဘင်္ဂလားဒေ့ရှ်မှာ ကမ်းကပ်ခွင့်စောင့်စားဆဲ


မလေးရှားကူညီရေးသဘောၤ
မလေးရှားကူညီရေးသဘောၤ

Bangladesh နိုင်ငံဘက်ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေအတွက် အကူအညီတွေသယ်ဆောင်လာတဲ့ မလေးရှားသင်္ဘောဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ Cox's Bazar နားကို တနင်္လာနေ့က ရောက်သွားပါပြီ။

သင်္ဘောပေါ်ပါလာတဲ့ အစားအသောက်နဲ့ အရေးပေါ်အကူအညီ တန်ချိန် ၂ ထောင်ကျော်ကို ကမ်းချဖို့ လုပ်နေပေမယ့် သင်္ဘောပေါ်ပါလာသူတွေ ကမ်းဆင်းခွင့် မရသေးဘူးလို့ Nautical Aliya သင်္ဘောနဲ့ပါလာတဲ့ အကူအညီပေးရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Nautical Aliya သင်္ဘောဟာ ပထမက စစ်တကောင်းဘက်ကို ဦးတည်မောင်းသွားခဲ့ပေမယ့် စစ်တကောင်းဆိပ်ကမ်းဟာ သိပ်ရှုပ်လွန်းတဲ့အတွက် ကမ်းကပ်ခွင့်မပေးနိုင်ဘူးလို့ Bangladesh ဝန်ကြီးချုပ် Sheikh Hasina က မလေးရှားဝန်ကြီးချုပ် Najib Razak ကို တနင်္ဂနွေနေ့ညက ဖုန်းနဲ့ဆက်သွယ်ပြောခဲ့ကြောင်း Bangladesh ထုတ် The Daily Star နေ့စဉ်သတင်းစာမှာဖော်ပြထားပါတယ်။

အခုလောလောဆယ် သင်္ဘောဟာ Cox's Bazar ကနေ ရေမိုင် ၂ မိုင် အကွာမှာ ကျောက်ချထားတယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။ သင်္ဘောပေါ်နဲ့အတူ ပါလာတဲ့ ကူညီကယ်ဆယ်ရေးဆိုင်ရာ ပရဟိတဝန်ထမ်းတွေ ကမ်းဆင်းခွင့်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိတဲ့ စခန်းတွေဆီသွားပြီး အကူအညီတွေ ဝေပေးနိုင်ခွင့်ရဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ အကူအညီပေးရေး စီစဉ်သူတယောက်ဖြစ်တဲ့ Abdul Azeez Abdul Rahim ရဲ့အပြောကို ကိုးကားဖော်ပြထားတာပါ။

သင်္ဘောပေါ်ကပစ္စည်းတွေကို ဖောင်တွေသုံးပြီး ကမ်းကို သယ်ဆောင်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ရိုဟင်ဂျာတွေအတွက် သင်္ဘောပေါ်ပါလာတဲ့ အကူအညီပေးအပ်ပွဲကို ဒီကနေ့ အင်္ဂါနေ့မှာ စစ်တကောင်းဆိပ်ကမ်းမှာ လုပ်မှာဖြစ်ပြီး Bangladesh နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူနဲ့ မလေးရှားသံအမတ်ကြီးတို့ တက်ရောက်ကြလိမ့်မယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူတယောက်အပြောကို ကိုကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Nautical Aliya သင်္ဘောဟာ Bangladesh ကိုမရောက်ခင် မြန်မာနိုင်ငံရန်ကုန်ဆိပ်ကမ်းကို ဝင်ပြီး ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၅၀၀ ကို မြန်မာတာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Yanghee Lee ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ပြီး Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို သွားရောက်လေ့လာမယ်လို့ ဘင်္ဂလားဒေရှ့်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG