သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေးဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရ်ှရဲ့ ပူးပေါင်းမှု မြန်မာလိုလား


ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ မွတ်စလင် အသိုင်းအဝိုင်း ဒုက္ခသည်တွေကို နယ်ရပ် ပြန်လည် ခေါ်ဆောင်သွားဖို့အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ မြန်မာ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် က ဒုက္ခသည်စခန်းတွေကို မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က သွားရောက်ဖို့ စီစဉ်နေပေမယ့်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံသေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ရခိုင်ဒေသ ပဋိပက္ခတွေ အားလုံး ဖြေရှင်းဆောင်ရွက်ပြီးသွားရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည်တွင်း ပြန်လည် ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက မနေ့က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ မူစလင် ဒုက္ခသည်တွေ နေရပ် ပြန်လာဖို့ အရေး စိစစ်ဆောင်ရွက်ရမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုတယ်လို့ မြန်မာ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု အထူးတလှယ်အရေးတကြီး လိုအပ်ပါတယ်၊ တနိုင်ငံတည်းလုပ်လို့မရဘူး ကျနော်တို့သူတို့ဆီမှာသူတွေ ၊ data အချက်အလက်တွေ ကျနေ်ာတို့ Paperwork ကိုပြန်လုပ်ဖို့လိုတယ်။ နောက်ဒုတိယအဆင့်အနေနဲ့ ကျနော်တို့ဆီက အထောက်အထား document တွေနဲ့ ဒီဟာတွေနဲ့ ကျနော်တို့က သူတို့ဆီသွားပြီးတော့ စိစစ် Identify လုပ်ဖို့လိုတယ်။ လိုအပ်ရင်ကျနော်တို့သူတို့ဆီက လူတွေနဲ့ တွေ့ဆုံပြီးတော့ Identify လုပ်ရမယ်။ အဲဒါပြီးတော့မှ အရေအတွက်ဘယ်လောက်ဆိုတာ ထွက်လာမှာဖြစ်တယ်။ မူအားဖြင့်တော့ ကျနော်တို့ လက်ခံနိုင်တယ်၊ သို့သော် စိစစ်ပြီးမှ လက်ခံမယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး ရခိုင်ဒေသတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေမှာ ဒေသခံတွေကို သတ်ဖြတ်တာ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ နဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေ လုပ်ခဲ့တဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့က အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေကို စစ်ဆေးဖို့အတွက် ဒုသမ္မတ ဥိးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ပဋိပက္ခဖြစ်ရာ ဒေသတွေကို တတိယအကြိမ် သွားရောက် စစ်ဆေးခဲ့သလို ကုလရဲ့ ဒီအစီရင်ခံစာဟာ စွပ်စွဲမှုတွေ ပြင်းထန်လှတဲ့အကြောင်း လူ့အခွင့်အရေး ကောင်စီကို တတ်ရောက်နေတဲ့ မြန်မာ ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်က တုန့်ပြန်ပြောဆိုထားပါတယ်။ လက်ရှိမှာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်စစ်ဆေးဖို့ စီစဉ်နေပေမယ့်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံသေးဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဒုသမ္မတဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာဘင်္ဂလားဒေ့ရှ် နိုင်ငံကိုသွားဖို့ ကျနော်တို့ ညှိနှိုင်းနေတယ် အဲဒါကို မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးနဲ့ ညှိနှိုင်းနေတယ်။ ဘင်္ဂလားဒေ့ရှ်က လက်တလော အဆင်မပြေဘူးလို့ ပြောတယ်။ ကျနော်တို့က ဒီနေ့ရရင် ဒီနေ့သွားမယ်။ မနက်ဖြန်ရရင် မနက်ဖြန်သွားမယ်။ အမြန်ဆုံးသွားချင်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်မပြေဘူးလို့ သံအမတ်ကြီးက ပြန်ကြားတယ် နောက်ဆုံးအခြေအနေကတော့။

မေး။ ။ ဟုတ်ကဲ့ ဘာတွများအဆင်မပြေဖြစ်တာပါလဲ၊ စောစောပိုင်းက ကိုဖီအာနန်ကော်မရှင်သွားထားတာ ရှိပါတယ်ခင်ဗျ။ ဒီ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုတော့ ဘာကြောင့် အဲဒီဘက်ကို သွားဖို့ အဆင်မပြေဖြစ်ရပါသလဲ။

ဖြေ။ ။ အဲဒီမေးခွန်းကို ကျနော်တို့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုလည်း မေးပါတယ်။ ကျနော်တို့လည်း အဲဒီအဖြေကို သိချင်နေပါတယ်။”

ဘင်္ဂလားဒေ့ရှ် Cox's Bazar ဒုက္ခသည်စခန်းတွေကို ဖေဖော်ဝါရီလ အတွင်း ၄ ရက်တာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ကလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေဟာ သူ ထင်ထားတာ ပိုပြီး ဆိုးဝါးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေကို စိစစ်ပြီး ပြန်လည် ခေါ်ယူသွားမယ်လို့ မြန်မာအစိုးရဖက်က ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်နိုင်ငံကို ရောက်ရှိနေတယ်ဆိုတဲ့ ဒုက္ခသည်အရေအတွက်ဟာ နိုင်ငံတကာကာနဲ့ အစိုးရရဲ့ ပြောဆိုမှုတွေဟာ အတော်လေး ကွဲပြားနေတာကြောင့် ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ဟုတ်မဟုတ်ဆိုတာ အရင်စစ်ဆေးဖို့လိုတယ်လို့ အစိုးရဖက်က တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG