သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အကြံပေးကော်မရှင် ရခိုင်တောင်ပိုင်းသွားရောက်စုံစမ်းမည်


အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ရခိုင် အကြံပေးကော်မရှင် (နိုဝင်ဘာလ ၁၆ ရက်နေ့ ၂၀၁၆)
အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ရခိုင် အကြံပေးကော်မရှင် (နိုဝင်ဘာလ ၁၆ ရက်နေ့ ၂၀၁၆)

ရခိုင်ပြည်နယ်တွင်းက သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့အတွက် အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်တောင်ပိုင်းကို သွားရောက်လေ့လာဖို့ ရှိပါတယ်။ အဲဒီ့မှာ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မကြာမှီမှာလည်း ကြားဖြတ်အစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

သြဂုတ်လ ၂၄ ရက်နေ့က ပြည်တွင်း ပြည်ပ တတ်သိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဟာ မကြာမှီမှာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တို့ကို သွားရောက်ဖို့ ရှိပါတယ်။ ဒါဟာ ကော်မရှင် အဖွဲ့ရဲ့ ၄ ကြိမ်မြောက် ရခိုင်ပြည်နယ် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်သွားရောက်မယ့် ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပက်သတ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါ်စောခင်တင့်က အခုလို ပြောပါတယ်။

“အန်တီတို့အဖွဲ့က တပတ်ခါသွားမှာပေါ့ ကျောက်ဖြူ ရယ် ရမ်းဗြဲရယ်ပေါ့နော်။”

အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်ကလွဲလို့ အဖွဲ့ဝင် ၈ ယောက် သွားရောက်ဖို့ ရှိပါတယ်။ ၂ ရက်ကြာ သွားရောက်မယ့် ဒီတစ်ခေါက် ခရီးစဉ်မှာ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့တို့က စက်မှုဇုန်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေအပါအဝင် ဒေသခံတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ ဒေါ်စောခင်တင့်က ဆက်ပြောပါတယ်။

“အန်တီတို့ ကော်မရှင်အနေနဲ့ ပေါ့နော် ရခိုင်တောင်ဘက်ကို သွားဖို့ဟာကို အစီအစဉ်လေး ၁ ခါ၊ ၂ ခါ လောက်လွဲချော်သွားတာ ရှိပါတယ်။ ဒီတခေါက်တော့ ဖြစ်အောင်သွားကြမှာပါ။ ဆိုတော့ ဒီဘက်မှာက ကျောက်ဖြူစက်မှုဇုံကလည်း အရေးကြီးတယ်၊ ဒါရခိုင်ပြည်နယ်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေမှာ ကျောက်ဖြူစက်မှုဇုံ အနေနဲ့ ရော ဘာတွေများ ရခိုင်တွေဘက်က ပြောစရာ ရှိမလဲ၊ ဘာတွေများ ရခိုင်တွေ ခံစားချက်တွေ ရှိမလဲ၊ ဒါတွေကို အန်တီတို့ သိချင်ပါတယ်။နောက် ရမ်းဗြဲမြို့တွေလည်းသွားမှာပါ တတ်နိုင်ရင်တော့ အဲဒီမှာပေါ့နော် စီးပွားရေးလုပ်ငန်းရှင်တွေ ရော တခြားဒေသဖွံ့ဖြိုးရေး အတွက်ရော မြို့မိမြို့ဖတွေနဲ့ရော ဘာတွေများ ဒါရခိုင်ဘက်က ခံစားချက်တွေ နစ်နာချက်တွေ လိုချင်ချက်တွေ ဘာတွေရှိသလဲဆိုတာကို အန်တီတို့က နားထောင်ဖို့ သွားမှာပါ ဟုတ်ကဲ့။”

ဒီဇင်ဘာလ အတွင်းက ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကြားဖြတ်အစီရင်ခံစာ တစ်ရပ် တင်သွင်းခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တင်သွင်းတဲ့ အစီရင်ခံစာမှာတော့ ရခိုင်ဒေသမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးဆိုပြီး ငြင်းဆိုထားတာပါ။

ဒါ့အပြင် ရခိုင်အကြံပေး ကော်မရှင်အဖွဲ့အနေနဲ့လည်း မကြာမှီမှာ ကြားဖြတ်အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။ အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်တွင်း ခက်ခဲနက်နဲတဲ့ အရေးကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ ရေရှည်နည်းလမ်းကောင်းတွေကို ရှာဖွေသွားဖို့အတွက် ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဝန်ကြီးဌာနနဲ့ ကိုဖီအာနန်ဖောင်ဒေးရှင်းတို့ ပူးတွဲပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီကော်မရှင်မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်းလည်းဖြစ် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်တဲ့ မစ္စတာ ကိုဖီအာနန်က ဥက္ကဌအဖြစ် ဆောင်ရွက်နေတာပါ။ ဒါ့အပြင် မစ္စတာကိုဖီအာနန်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ၂ ကြိမ်တိုင်တိုင် သွားရောက်လေ့လာခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့ပါတယ်။

ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ အပါအဝင် အခွင့်အရေးတွေနဲ့ ဖွံဖြိုးတိုးတက်မှု မြှင့်တင်ရေးတို့အတွက် လေ့လာသုံးသပ်ပြီး အကြံပြုတင်ပြချက်တွေကို ရေးသားထားတဲ့ အစီရင်ခံစာ တစ်ရပ်ကို ကော်မရှင်တည်ထောင်ပြီး၁၂ လထက်နောက်မကျပဲ အစိုးရကို တင်ပြရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကော်မရှင်သက်တမ်းဟာ ၅ လ သက်တမ်းရှိနေပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီကော်မရှင်ဖွဲ့စည်းပြီး မကြာခင်မှာပဲ ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်နေတဲ့အတွက် နိုင်ငံရဲ့ အချုပ်အခြာအာဏာထိခိုက်ပျက်စီးနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG