သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အာဆီယံဝန်ကြီးအဆင့်ဆွေးနွေးဖို့ မြန်မာစီစဉ်


အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေ ရှိနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မွတ်ဆလင်တွေ အရေး ဆွေးနွေးကြဖို့ ရှိနေပါတယ်။ နောက်သတင်းပတ် အတွင်း ကျင်းပဖို့ရှိနေတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာတော့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက မွတ်စလင် လူမှု အဖွဲ့အစည်းအပေါ် အစိုးရ လုံခြုံရေး တပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲနေချိန်မှာဘဲ မြန်မာ အစိုးရက ရခိုင်အရေး ဆွေးနွေးဖို့ အတွက် အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေကို မြန်မာနိုင်ငံကို ဖိတ်ခေါ်လိုက်ပါတယ်။ ရှေ့သတင်းပတ် တနလာၤနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“ ကျနော်တို့ဒီ ပြီးခဲ့တဲ့ ၈ ရက်နဲ့ ၉ ရက်မှာတော့ ဘာလီ ဒီမိုကရေစီ ဖိုရမ်ရှိပါတယ်။အဲဒီမှာ ကျနော်တို့ဆီက အဆင့်မြင့်အရာရှိတွေ သွားတက်၊ ပြီးတော့မှ ရှိနေတဲ့ကာလမှာပဲ ဒီ Headquarters ကနေပြီးတော့ မေးတဲ့အတွက်ကြောင့်မို့လို့ ဟိုမှာ နိုင်ငံခြားရေးဝန်ကြီးတွေ အဲဒီကာလပေါ့ မြန်မာပြည်မှာ ၁၉ ဝန်းကျင်လောက်များလာရင်အဆင်ပြေမလားဆိုပြီးတော့ သဘောမျိုး၊ တီးခေါက်တဲ့သဘောမျိုး။ အဲဒီအပေါ်မှာမှ တကယ်လို့ သူတို့လာနိုင်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာခေါ်ပြီးတော့ အဓိကကတော့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ပြီးတဲ့အခါကျရင် ကိုယ့်နိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖျင်းရှင်းပြတဲ့ သဘောလေ။”

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ဒီဇင်ဘာလ ၈ ရက်နေ့က စလို့ ၂ ရက်တာ ကျင်းပတဲ့ ဘာလီ ဒီမိုကရေစီ ဖိုရမ်ကို မြန်မာ နိုင်ငံ ကိုယ်စား တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးက ဒေသတွင်းက နိုင်ငံခြားရေး ဝန်ကြီးတွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဘာလီမှာ ကျင်းပတဲ့ ဒီမိုကရေစီ ဖိုရမ် အတွင်းမှာလည်း မြန်မာ အစိုးရရဲ့ ရခိုင် အရေး အကြံပေး ကော်မရှင် ဥက္ကဌ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို တို့ တွေ့ဆုံပြီး မောင်တော ဒေသ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေသတွင်း မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှာလည်း မောင်တော ဒေသ မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး မကျေမနပ် ဆန္ဒပြခဲ့ကြတာပါ။ ဒီနောက်ပိုင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲကို မြန်မာဘက်က စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“အကုန်လုံးကတော့ ဖြစ်အောင်တော့ ကျနော်တို့တွေ နည်းနည်းလေး ဝိုင်းဝန်း တွန်းတိုက်လုပ်နေတဲ့ သဘောရှိပါတယ်။ တခြားတော့မပါဘူး ရန်ကုန်လောက်ပဲ၊ ရန်ကုန်မှာ အစည်းအဝေးလုပ်မယ့်သဘောရှိပါတယ်။ ကိုယ်ဘာလုပ်တယ်ဆိုတာကို အသိပေးတဲ့အနေအထားလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိက ဘယ်သူမှ ပြောလို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ့်ဟာကို နည်းနည်းလေး initiative ဖြစ်အောင် ဖိတ်တဲ့ သဘောပါပဲခင်ဗျ။”

မွတ်စလင် အများစု နေထိုင်ရာ မောင်တော ဒေသတွင်း အစိုးရ လုံခြုံရေး စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး၊ လက်နက်နဲ့ ကျည် အမြောက်အများလည်း ပျောက်ဆုံးခဲ့ရတာပါ။ ဒီနောက်ပိုင်း မြန်မာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒေသတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။ မောင်တော ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်က မောင်တောမြို့နယ်ကို ရောက်ရှိနေပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားရာ ဒေသတွေ၊ မျက်မြင်တွေ့ကြုံရသူတွေ၊ နောက် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု ရှိမရှိ စတာတွေကို ကွင်းဆင်းပြီး အချက်အလက် ကောက်ယူနေပါတယ်။ ဒီကောက်ယူရရှိတဲ့ အချက်အလက်တွေကိုတော့ သမ္မတထံ တင်ပြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG