သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံးစွပ်စွဲချက် အတိအကျစုံစမ်းစစ်ဆေးဖို့ လိုအပ်ဟု ကိုဖီအာနန် ဆို


ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အဆင့်အထိ ရောက်နေပြီလို့ ပြောနိုင်ဖို့ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်လေ့လာခဲ့တဲ့ အကြံပေးကော်မရှင်ဟာ ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံးသတ်ဖြတ်မှူအဆင့်အထိ ရောက်နေပြီလို့ ပြောနိုင်ဖို့ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။

မောင်တောမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှူတွေနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှူတွေဟာ လူမျိုးတုံးသတ်ဖြတ်နေတဲ့ အဆင့်ကို ရောက်နေပြီလို့ စွပ်စွဲပြောဆိုနေချိန်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းက ပြောဆိုလိုက်တာပါ။

လူမျိုးတုံးသတ်ဖြတ်မှူဆိုတဲ့ အသုံးအနှူန်းဟာ လေးနက်တဲ့ စကားလုံးဖြစ်သလို၊လက်တွေ့မှာ ဒီလိုပြောနိုင်ဖို့ ဆိုရင်တော့ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ လိုတဲ့အကြောင်း သူ့ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် အပြီး ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

မောင်တောဒေသက စစ်ဆင်ရေးတွေအတွင်း လုံခြုံရေး အာဏာပိုင်တွေက မူဆလင်တွေကို အဓမပြုကျင့်တာ၊ သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှိူ့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ခရီးစဉ်အဆုံးသတ်အဖြစ် ဒီကနေ့အစောပိုင်းမှာလည်း ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ တွေ့ဆုံမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှူတွေမှာ အရပ်သားတွေကို အကာအကွယ်ပေး ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့်ကတော့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် လူ့အခွင့်အရေးကို အလေးမထားတာမျိုး မဖြစ်သင့်ဘူးလို့လည်း ရခိုင်ကော်မရှင်ဥက္ကဋ္ဌက သူ့အမြင်ကို သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့တာပါ။

"တစ်ချို့ အစိုးရတွေက အကြမ်းဖက်မှူ တိုက်ဖျက်ဖို့ဆိုရင် အရပ်ဖက် လူ့အဖွဲ့အစည်းတွေ လူသားတွေရဲ့ လွတ်လပ်မူတွေကို လျော့တန်လျော့ ဖြတ်တောက်သင့်တာ ဖြတ်တောက်သင့်တယ်ဆိုကာ လုံခြုံရေးကိုပဲ အဓိက သတ်မှတ်လေ့ ရှိကြပါတယ်။ ကျနော့်အနေနဲ့ ထင်တာကတော့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေကို လုံခြုံရေးအတွက် စွန့်လွှတ်လိုက်မယ်ဆိုရင် တကယ်ပဲ လုံခြုံတဲ့ အခြေအနေ ရောက်သွား မလားဆိုတာကတော့ စဉ်းစားစရာပါ။ ကျနော် မျှော်လင့်မိတာကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပိုမို ရရှိဖို့နဲ့ အဲဒီ့ဒေသေကို လွတ်လွတ်လပ်လပ် အမြန်ဆုံး သွားရောက်နိုင်ဖို့ မျှော်လင့်မိတယ်"လို့ မစ္စတာ ကိုဖီအာနန်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

မြန်မာ အစိုးရဘက်ကတော့ ပြီးခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့သူ ၅၀၀ ကျော်ကို ဆက်လက် ဖမ်းစီး စစ်ဆေးနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေကြသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့တော့ အစိုးရဘက်ကတော့ စစ်တပ်ကပါ ပြတ်ပြတ် သားသား ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG