သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခဖြေရှင်းရေး နိုင်ငံတကာက အပြု သဘောနဲ့ပါစေချင်


ပဋိပက္ခဖြစ်နေတဲ့ ရခိုင်အနောက်ဖက်ခြမ်းက ဒေသခံတဦး
ပဋိပက္ခဖြစ်နေတဲ့ ရခိုင်အနောက်ဖက်ခြမ်းက ဒေသခံတဦး

ရခိုင်ပြည်နယ်က ပဋိပက္ခဟာ နှစ်ပေါင်းများစွာက အခြေတည်လာတဲ့ ပြသနာဖြစ်တဲ့ အတွက် လက်ရှိမြန်မာအစိုးရက ရခိုင်ပြည်နယ်အရေးကို ဦးစားပေး ဖြေရှင်းနေ ချိန်မှာ နိုင်ငံတကာအနေနဲ့လည်း စိတ်ရှည်သည်းခံပြီး အကောင်းမြင်တဲ့ ရပ်တည် ချက်နဲ့ မြန်မာအစိုးရကို ပူးပေါင်းကူညီ ပေးဖို့လိုကြောင်း မြန်မာသမ္မတရုံးပြောခွင့် ရသူက ပြောကြားလိုက်ပါတယ်။

ရခိုင်အနောက်ဖက်ခြမ်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ေ ဆာင်မှုအတွင်း ထောင်ချီတဲ့ လူနည်းစုမူဆလင်တွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရပြီး၊ ဖိနှိပ်ခံ ပြည်သူတွေကို ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး အရှေ့အာရှနဲ့ ပစိဖိတ် ဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က AP သတင်းဌာနကို ပြောကြားခဲ့အပြီး အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။ ဆက်သွယ်ေ မးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အစိုးရ တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်ပေါ်နေတဲ့ သတင်းနဲ့အတူ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု ထွက်ပေါ် လာတဲ့အပေါ် မြန်မာသမ္မရုံးပြောခွင့်ရ ဦးဇော်ဌေးက တုန့်ပြန်ပြောကြား ရာမှာတော့ ဒီပဋိပက္ခဖြေရှင်းရေးဟာ လက်ရှိအစိုးရရဲ့ ဦးစားပေးလုပ်ငန်းဖြစ် တယ်လို့ ပြောကြားသွားပါတယ်။

“ အဲဒါနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအနေနဲ့ ကျနော်တို့ ၂၀၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရအနေနဲ့ ပထမဦးဆုံး ဦးစားပေး ကိစ္စက ရခိုင်ပြည်နယ်ကိစ္စဖြစ် ပါတယ်။ တဖက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ .. ရခိုင်ပြည်နယ်ကိစ္စကို အလေး ထားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့တဖွဲ့လုံးက အင်နဲ့အားနဲ့ ရခိုင် ပြည်နယ်ကိုသေချာ -ကျနော်တို့ -အဓိက ရည်ရွယ်ချက်ကတော့ ဒီအငြင်းပွား ဖွယ် ပြသနာတွေ ပြေလည်ပြီးတော့ လူ့အသိုင်းအဝိုင်းနှစ်ခု သဟဇာတ ဖြစ်စွာနေ နိုင်ရေးနဲ့ သူတို့ရဲ့ရေရှည် တည်တံ့တဲ့ အခြေနေကောင်းတခု ဖန်တီးရေးကို ဦးတည်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ”

အတိမ်းအစောင်းမခံ ထိလွယ်ခိုက်လွယ်တဲ့ လက်ရှိပဋိပက္ခတွေကို မြန်မာအစိုးရ က ဖြေရှင်းရာမှာ နိုင်ငံတကာဖက်ကလည်း နားလည်မှုရှိရှိနဲ့ ပူးပေါင်းကူညီကြဖို့ လိုကြောင်း ဦးဇော်ဌေးက တောင်းဆိုလိုက်ပါတယ်။

“ ကျနော်တို့ မောင်တောဖြစ်စဉ်ကနေပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခုလက်ရှိ သွားနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေနေကောင်းကို ကြီးကြီးမားမား ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် အထူးသတိထားပြီး ဆောင်ရွက်နေရတဲ့ အနေ အထား ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ မောင်တောပဋိပက္ခနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ နှစ်ရှည်လများ တည်ရှိနေတဲ့၊ ရှုပ်ထွေးနက်နဲတဲ့ အကြောင်းတရားတွေ တည်ရှိနေတဲ့ ပြသနာကိုပြေလည်အောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကျနော်တို့အစိုးရကို အသိအမှတ် ပြုပြီးတော့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ အဲဒါကိုမှ ထပ်ဆင့် ပြီးတော့ မီးလောင်ရာလေပင့် သဘောမျိုးပေါ့ .. ဒီပြသနာကိုင်တွယ်ဖြေရှင်းတာမှာ ပိုပြီးခက်ခဲအောင် ပိုပြီးတော့လည်း အကြပ်အတည်းဖြစ်စေအောင်၊ နောက်တချက် အရေးကြီးတာက ဒီမောင်တော အကြမ်းဖက် တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ လူတွေကို ဖမ်းဆီးတဲ့ကိစ္စကို ဘာသာရေးအရ အစွဲယူပြီးတော့ တချို့နိုင်ငံတွေ မှာ နိုင်ငံရေးအရ အသုံးချပြီးဆောင်ရွက်တာတွေက အထောက်အကူ မပြုပါဘူး။ နောက် တချက်က ဒီလိုဘာသာရေးအရ အစွဲ ယူပြီးတော့ လှုံ့ဆော်မှုတွေ လုပ်လာတဲ့အခါမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို ရောက်ရှိလာနိုင် ပါတယ်။ ဒီလိုရောက်ရှိ လာနိုင်တဲ့ အတွက်လည်း ကျနော်တို့က နိုင်ငံတကာ အသိုင်းအဝိုင်း ကိုပြောချင်တာက ဒီလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ ပြသနာတွေ ကို အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ် ဆိုတာကို သတိပြုမိပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ နောက် ရခိုင်ပြည်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အလေးအနက်ထား စောင့်ကြည့် ပြီးတော့ လေ့လာဖို့ လိုအပ်မယ်ထင်ပါတယ် ”

မေး။ ။ နောက်တခုက ကုလသမဂ္ဂရဲ့ လူမျိုးတုန်းသတ်ဖြတ်ရေး တားဆီးမှုဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်- သူပြောတာက ဒီပြသနာတွေကို အပြန်အလှန်ပေါ့ .. မြန်မာ အစိုးရဖက်ကလည်း ရှင်းလင်းတယ်၊ နိုင်ငံတကာကလည်း စွပ်စွဲမှုတွေရှိနေတယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် အဲဒီဒေသကို နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းလေ့လာအတွက် သွားရောက်ခွင့်ပေးဖို့ တောင်းထားတယ်ပေါ့ အဲဒါတွေက မရသေးဘူးလို့ ပြောတယ်ခင်ဗျ၊ အဲဒီတော့ ဒီဟာကို ဘယ်လို စီစဉ်ပေး သွားဖို့ ရှိပါသလဲ။

“ ဒီလိုအစွန်းရောက်တွေကို ကာလရှည်ကြာ စည်းရုံးသိမ်းသွင်းပြီးတော့ လုပ်ထားတဲ့ လူတွေ၊ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့လူတွေ လွတ်မြောက်နေကြတယ်။ အဲဒီ လွတ်မြောက်မှုက အဲဒီကိုသွားရောက်တဲ့ လူတွေအတွက် အန္တရာယ်ရှိပါတယ်။ အန္တရာယ်ရှိတဲ့ အတွက်လည်း ကျနော်တို့က အစစအရာရာ လုံခြုံမှုကို ဦးစားပေး ပြီးတော့မှ စေလွှတ်ရမယ့် အနေအထားဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတကာ ဟို လူမျိုးတုန်း သတ်ဖြတ်ရေး တားဆီးမှုဆိုင်ရာ အထူးကိုယ်စားလှယ်ပြောတဲ့ နိုင်ငံ တကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီဆိုတဲ့ ကိစ္စကလည်း ကျနော်တို့နိုင်ငံမှာ ရှိတဲ့ WFP နဲ့ UNHCR .. ဒီအဖွဲ့တွေက အဲ့ဒီမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၄ရက်နေ့ကစပြီးတော့ ကူညီေ ထာက်ပံ့မှုတွေ လုပ်နေပါတယ်။ လက်ရှိအချိန်မှာလည်း လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ ပေးနေပါတယ်။ နောင်လည်း ဆက်ပေးဖို့ အစိုးရက ဆောင်ရွက်နေတာ ဖြစ်ပါတယ် ”

ရခိုင်ပြည်နယ် အနောက်ဖက်ခြမ်းက ဒေသခံမူဆလင်တွေကို အိုးအိမ်စွန့်ပြီး ထွက်ပြေးသွားအောင် နယ်မြေရှင်းလင်းရေး လုပ်နေတယ်ဆိုတဲ့ အရှေ့အာရှနဲ့ ပိစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Russel ရဲ့ပြောကြားချက်တွေအပေါ် ဦးဇော်ဌေးက တုန့်ပြန်ဖြေကြားခဲ့တာ ဖြစ်ပါ တယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG