သုံးရလွယ်ကူစေသည့် Link များ

မောင်တောနယ်ခံများ နေရပ်ပြန်နိုင်ဖို့ လုံခြုံရေးအစီအစဉ်တွေ စတင်


မောင်တောနယ်ခံများ အလို တော်ပြည့် ကျောင်းတိုက်တွင်ခိုလုံစဉ် (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)
မောင်တောနယ်ခံများ အလို တော်ပြည့် ကျောင်းတိုက်တွင်ခိုလုံစဉ် (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်မှုကနေ ထွက်ပြေးကြသူတွေ ဌာနေပြန်နိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ စတင်ဆောင်ရွက်နေပြီး အကြမ်းဖက်တိုက်ခိုက်မှုမှာ ဆုံးရှုံးခဲ့တဲ့ လက်နက် တချို့ ပြန်လည် ရရှိပြီလို့ ရခိုင်အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။ မောင်တောမြို့နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်စိတ်နဲ့ ထွက်ပြေး တိမ်းရှောင်နေသူတွေ အတွက်တော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ဒေသတွင်းမှာ နယ်ခြားစောင့် ရဲတပ်စခန်းတွေ တိုးချဲ့နေပြီး ဒေသခံတွေကို လုံခြုံရေး ပေးနိုင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ လက်ရှိမှာတော့ မောင်တောဒေသတွင်းမှာ အစိုးရရဲ့ ပျောက်ဆုံး လက်နက်တွေ ပြန်ရရေး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ရခိုင်အစိုးရ လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ဗွီအိုအေကို ပြောပါတယ်။

“အခုလုံခြုံရေးတွေ ကျနော်တို့ လုပ်နေပါတယ်။ အခုတိုင်းရင်းသားကျေးရွာတွေမှာ ကျနော်တို့ စခန်းတော့ စောင့်နေပါတယ်။ စခန်းတွေဆောက်နေပြီး အဲဒီတိုင်းရင်းသားတွေအတွက် အခိုင်အမာကာကွယ်ပေးဖို့ဖြစ်ပါတယ်။ အဲဒီစခန်းတွေဆောက်ပြီးတာနဲ့ ကျနော်တို့ တိုင်းရင်းသားတွေဆန္ဒနဲ့ ရွာတွေကိုပြန်ပြီးရင် ပိုမှာပါ။ ပို့မယ်ဆိုတာက သူတို့ဆန္ဒနဲ့ ပို့မှာပါ။ သူတို့ကို စားနပ်ရိက္ခာတွေလည်းပေးမှာပါ။ လုံခြုံရေးလည်း ကျနော်တို့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အခုကတည်းကနေစပြီးဆောင်ရွက်ပေးနေပါပြီ။ အဓိကတော့ ရဲစခန်းပါ ဒါပေမယ့် ရဲရဲ့နောက်မှာ ကျနော်တို့ တပ်မတော်တွေ စစ်ကြောင်းတွေ ရှိပါတယ်ခင်ဗျ။ နယ်မြေလုံခြုံရေးကိုတပ်မတော် တပ်မတော်ကပဲယူထားပါတယ် စိုးမိုးရေးအတွက်ပါ။”

ဒါ့အပြင် မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်မှု အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေထံက ရယူသွားခဲ့တဲ့ လက်နက်တချို့ကိုလည်း ပြန်ရပြီလို့ ရခိုင်အစိုးရ လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ပြောပါတယ်။

“ လက်နက်တွေရတာလည်း ရပါတယ် အသင့်အသင့်။ အဲဒီလက်နက်တွေပြန်ရဖို့အခု ရှာဖွေနေပါတယ်ခင်ဗျ။ ရွာတွေမှာ ရှာဖွေနေပါတယ်။ စုံစမ်းစစ်ဆေးနေပါတယ် ဟုတ်ကဲ့ပါ။”

မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု အတွင်း ဒေသတွင်း နေထိုင်သူ အများစု ဖြစ်တဲ့ မူဆလင် လူမှုအဝန်းအဝိုင်းနဲ့ ရခိုင် လူမှု အဝန်းအဝိုင်းကြား ပဋိပက္ခတွေ ထိပ်တိုက်တွေ့မှုတွေ မရှိပေမယ့်လည်း ဒေသတွင်း လူနည်းစု ဖြစ်တဲ့ ရခိုင်ဒေသခံတွေကတော့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ချက်နဲ့ အနီးအနား ဒေသတွေကို ထွက်ပြေးနေကြတာပါ။ မြောက်ဦးမြို့ ရွာဟောင်းတော ကျေးရွာကို လာရောက်ခိုလှုံနေသူ မောင်တောမြို့နယ် ဒူးချေရာတန်း ကျေးရွာ အုပ်စု ကင်းချောင်းကျေးရွာသူ ၂၈ ဦးတို့ အတွက်တော့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ အကူအညီပေးနေသူ ဦးမောင်သန်းကြည်က ပြောပါတယ်။

“ ဒီနေ့ဆိုရင် သူတို့ တပတ်လောက်ရှိပြီ ။ ဒီဟာကို ပထမ ၂ ရက်လောက်က ကျနော်တို့ သူတို့ မိသားစုရှိတဲ့နေရာကို လာကြတာပေါ့ ဆိုတော့ မိသားစုတွေက ၂ ရက်လောက်ပဲ ကျွေးနိုင်တာကို ။ ဆိုတော့အခု ကျနော်တို့က ရွာကနေကောက်ပြီးတော့ ဒီကနေ့ပဲ ကျနော်တို့ သူတို့ကို ဟိုရက်တွေ သူတို့ကို သူများတွေစီက ချေးပြီးတော့ သုံးစားနေရတာတွေကို ဒီကနေ့ပဲ အကြွေးတွေလိုက် ဆပ်လိုက်ရတယ် အခုမှ ကျနော်တို့ ပိုက်ဆံ ၈ သောင်းနဲ့ ကျနော်တို့က ဆန် ၃ အိတ်လောက်ပဲ ကျနော်တို့ သူတို့ကို ထောက်ပံ့နိုင်သေးတယ်ခင်ဗျ။ စားနပ်ရိက္ခာတွေကတော့ သူတို့အတွက် ကျနော်တို့ သူတို့အတွက် အရေးတကြီးလိုနေတာ ဖြစ်နေတယ်ခင်ဗျ။”

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေသူ ၁၃၀၀ နီးပါးရှိနေပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ စစ်တွေမြို့မှာ ခိုလှုံနေသူ ၁ ထောင်ကျော် ရှိသလို မောင်တောမြို့နယ်မှာ ခိုလှုံနေသူ ၄၀၀ နီးပါး ရှိတယ်လို့လည်း ရခိုင် အစိုးရ လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ နေရပ်ရင်းတွေမှာ အစိုးရဘက်က လုံခြုံရေး ပေးဖို့ စီစဉ်ပြီး ဒီလူတွေ နေရပ်ရင်း ပြန်လိုရင် ပြန်နိုင်ဖို့လည်း စီစဉ်သွားမယ်လို့ ရခိုင် အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG